မင်းသမီး ဖန်ပင်းပင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အခွန်ရှောင်အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အခုတော့ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာပါပြီ။ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ ပရဟိတပွဲတခုကို မင်းသမီး တက်ရောက်ခဲ့တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာကနေ သတင်းဖော်ပြခဲ့ပါတယ်။
တနှစ်ကျော်လောက် တရားဝင်မီဒီယာတွေကနေ ပျောက်ကွယ်ခဲ့တဲ့ မင်းသမီးဟာ အခုတော့ Ifeng.com နဲ့ Henan Traffic Radio တို့ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ မိန်းကလေးများ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပရဟိတပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ် ပါတီကနေ ဦးစီးပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ China Daily သတင်းစာထဲက သတင်းမှာကတော့ မင်းသမီးဟာ အများပြည်သူ ကိုယ်စားပြု သံတမန်တဦးအနေနဲ့ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Guangming Daily ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Gmw.cn နဲ့ ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးနိုင်မှု အရှိဆုံးသတင်းစာ ဝက်ဘ်ဆိုက် People.com.cn တို့မှာလည်း အလားတူ သတင်းတွေကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် People.com.cn ရဲ့ သတင်းတခုမှာတော့ ပွဲတက်ရောက်လာကြသူတွေထဲမှာ မင်းသမီး ဖန် ပါဝင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဖော်ပြခဲ့ပေမယ့် သူတို့တင်ခဲ့တဲ့ ဓာတ်ပုံရဲ့ အလယ်တည့်တည့်မှာ မင်းသမီးလို့ ထင်ရသူ တဦးကို ဝေဝါးတဲ့ပုံစံနဲ့ ပြုပြင်ထားခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။
ပီကင်းတက္ကသိုလ် ရုပ်ရှင်လေ့လာရေးပါမောက္ခ Li Daoxin က မင်းသမီးဟာ ဘယ်ဥပဒေကိုမှ မချိုးဖောက် သရွေ့ အနုပညာလုပ်ငန်းတွေ ပြန်လုပ်လာနိုင်ချေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
တချိန်တုန်းက တရုတ်နိုင်ငံမှာ နာမည် အကျော်ကြားဆုံး မင်းသမီးဖြစ်ခဲ့တဲ့ ဖန်ပင်းပင်းဟာ အခွန်ရှောင်အရှုပ်တော်ပုံတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ရပါတယ်။ အဲ့ဒီနောက်လေးလ အကြာမှာတော့ အခွန်ရှောင်မှု ကြောင့် ယွမ် ၈၈၄ သန်း ဒဏ်တပ်ခံခဲ့ရပါတယ်။
မင်းသား Bruce Willis နဲ့အတူ ပါဝင်ခဲ့တဲ့ Air Strike ရုပ်ရှင်ကို China Central Television မှာ ထုတ်လွှင့်ခဲ့တဲ့ အခါ မင်းသမီးပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်ချခဲ့သလို ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာတော့ တိဘက်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေအတွက် ပရဟိတအလုပ်တွေ လုပ်ဆောင်နေကြောင်း ဖော်ပြတဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကို တင်ခဲ့ပြီး ချစ်သူမင်းသား လီချန်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာပြုလုပ်ခဲ့တဲ့ တရုတ်ဗီဒီယိုဝန်ဆောင်မှုပလက်ဖောင်း iQiyi ရဲ့ ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မင်းသမီး ဖန်ဟာ Louis Vuitton ရဲ့ ပြောခွင့်ရအမျိုးသမီး အဖြစ် ဖော်ပြထားတဲ့ အွန်လိုင်းပို့စ်ကိုလည်း တင်ခဲ့ပါတယ်။ ဒါပေမဲ့ LV ကတော့ ၃ နာရီကြာပြီးတဲ့နောက် အဲ့ဒီပို့စ်ကို ဖျက်ပစ်ခဲ့ပြီး မူရင်းပို့စ်နေရာမှာ တခြားအနုပညာရှင်တွေပါဝင်တဲ့ ကြော်ငြာနဲ့ အစားထိုးခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
ဖန်ပင်းပင်း ပါဝင်တဲ့ ရုပ်သံစီးရီးမှ ဇာတ်ဝင်ခန်းများကို ဖယ်ရှားကာ အသစ် ပြန်ရိုက်ကူးမည်
မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ
မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ Louis Vuitton ကြော်ငြာတွေကို နာရီပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့