Master Chef Myanmar Season 2 ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပေမယ့် Top 4 ထိ ပါဝင်လာခဲ့တဲ့ ပြိုင်ပွဲဝင် နိုင်ဇော်ကတော့ ဒီပြိုင်ပွဲကြီးဟာ လုပ်ဇာတ်ကြီး တခုပဲလို့ ဧရာဝတီကို ပြောပါတယ်။
“Master Chef ဆိုတာ လုပ်ဇာတ်ကြီး တခုပဲ။ လူတွေကို သက်သက် စိတ်ဝင်စားအောင် ဖန်တီးထားတဲ့ဖြစ်ရပ်တခုလို့ မြင်တယ်။ Entertainment Show တခုလို့ မြင်တယ်။ အစက မသိဘူး။ ပြိုင်နေရင်းမှ ထဲထဲဝင်ဝင်နဲ့ ဒီဟာကြီးက တကယ့်ကို Reality Show ကြီး မဟုတ်ပါလားဆိုပြီး သိလာရတယ်။ ကျနော့်ကို ဖြုတ်ချလိုက်တယ်။ ကောင်းရဲ့သားနဲ့ ငါ့ကိုဖြုတ်ချလိုက်တယ် ဆိုတဲ့စိတ်က ဖြေသိမ့်လို့ မရခဲ့ဘူး” လို့ နိုင်ဇော်က ပြောပါတယ်။
ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်မှုများ ၊ ထိုးနှက်ကြတဲ့သူများကို အများကြီးကြုံခဲ့ရပြီး သူ့ရဲ့ Personal ကို အများကြီးထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
“Personal ကို ထိခိုက်တာပေါ့။ အပြင်ကလူတွေက သိတဲ့အတိုင်း အပြစ်မရှိ အပြစ်ရှာပြီး ပြောတတ်တဲ့သူတွေက အများကြီးရှိတယ်။ ကောင်းတဲ့ ၁၀ ကွက်ကိုထားပြီးတော့ ၁ ကွက်ကိုပဲ ထိုးနှက်တဲ့သူတွေက အများကြီးပဲ။ အပြင်က လူတွေကိုပြောချင်တာက ဒီ Master Chef ဆိုတဲ့အကြောင်းကို ထဲထဲဝင်ဝင် ဂဃဏန မသိဘဲနဲ့ ပုတ်ခတ်ကြတယ်”
“ကျနော်ဆိုရင် အဆဲခံရတာ ကျနော့် အမျိုးသမီးနဲ့ ကျနော့်ကို ဒီထဲက အကြောင်းအရာတင် မဟုတ်ဘူး။ ပရိုဖိုင်ပုံလေး တင်တာကိုတောင် ဆဲနေကြတယ်။ ပြီးတော့ ကျနော့် စီးပွားရေး ထိခိုက်လာတယ်။ နိုင်ဇော့်ဆိုင်မှာ သွားမစားသင့်ဘူးပေါ့။ နိုင်ဇော်က ညစ်ပတ်တယ်။ အဲ့လိုပြောတဲ့စကားတွေ အများကြီးပဲ။ ဒါတွေကတဆင့် ကျနော့်အတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ပေးတယ်” လို့ နိုင်ဇော်က ပြောပါတယ်။
နိုင်ဇော်ကတော့ ကိုယ်တိုင်ကလည်း နေပြည်တော်မှာ “OMG” ဆိုတဲ့ ရခိုင်ရိုးရာ အစားအစာဆိုင်ကို ဖွင့်လှစ်ထားပြီး ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“ဒီပွဲကို အဓိက ဝင်ပြိုင်ဖြစ်တာက ကျနော်က ငယ်ငယ်ကတည်းက ဟင်းချက် ဝါသနာ ပါတယ်။ မောင်နှမ ၅ ယောက်မှာလည်း အကြီးဆုံးဆိုတော့ မောင်နှမတွေကို ချက်ကျွေးရတယ်။ ပြီးတော့ နိုင်ငံခြားမှာလည်း ၁၀ နှစ်လောက် နေဖူးတယ် ဆိုတော့ အောက်ခြေက တက်လာတယ်။ အတန်းပညာဆိုရင်လည်း ၅ တန်းတောင် မတက်ဖူးဘူး”
“အဲ့လို အောက်ခြေက တက်လာတဲ့သူ တယောက်အနေနဲ့ လက်မှုပညာတခုကို တက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နိုင်ငံခြားကိုသွားပြီး စားဖိုမှူးပညာတွေကို သူများဆီမှာ အငှားနဲ့ ပန်းကန်ဆေးတယ်။ ကြက်ဥ ကြော်တယ်။ အဲဒါနဲ့ ဒီပွဲကို အခုလို အကြောင်းအရာတွေ မရှိဘူးထင်ပြီးတော့ Reality Show ကြီး ထင်ပြီးတော့ ဝင်ပြိုင်ခဲ့တယ်။ ထဲထဲဝင်ဝင်သိတော့မှ Reality Show မဟုတ်ခဲ့ဘူး” လို့ နိုင်ဇော်က ပြောပါတယ်။
Master Chef ပြိုင်ပွဲရဲ့ဒိုင်တွေအနေနဲ့လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ အထက်က ထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒိုင်တွေက တကယ်ကို ချစ်စရာကောင်းတဲ့သူတွေ။ ဒိုင် ၃ယောက်က ဘာနဲ့တူလဲဆိုရင် ကျနော်တို့ ဗုဒ္ဓဘာသာလိုဆိုရင် အနန္တော အနန္ဒ ငါးပါးမှာ ပါတယ်။ ရှိခိုးထိုက်တဲ့သူ ၅ ဦးထဲမှာ ဒိုင် ၃ ဦးပါတယ်။ ဒိုင်တွေက စိတ်မပါဘဲနဲ့ စကားပြောရတာတွေ ရှိတယ်။ ဒိုင်တွေက သူတို့ရင်ထဲမှာ ရှိတဲ့ စကားကို ပြောချင်နေပြီ”
“ဒါပေမယ့် အဲ့လိုမျိုး မပြောနဲ့။ အထက်လူက အဲ့စကား မပြောနဲ့၊ ဒီစကားပြော အဲ့လိုမျိုးတွေ။ ဒါကြီးက ပွဲအစစ်ကြီး မဟုတ်ဘူးဆိုတာ သိသာနေပြီလေ။ ဒိုင်တွေရဲ့ စိတ်အရင်းနဲ့ ပြောတဲ့ စကားက ပါကောင်းပါလိမ့်မယ်။ နည်းတယ်။ အထက်က ရုပ်သေးရုပ်ကနေတဲ့ လက်ချောင်းလေးတွေ အပေါ်ကထိန်းချုပ်မှုပါပဲ။ ဒိုင်တွေနဲ့ ဘာမှ မဆိုင်ပါဘူး” လို့ နိုင်ဇော်က ပြောပါတယ်။
Master Chef ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တဲ့အတွက်လည်း နောင်တရတာမျိုး မရှိဘဲ Winner ရချင်တာကြောင့်လည်း ဝင်ပြိုင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းရင်းသားရိုးရာ အစားအစာနဲ့ မြန်မာအစားအစာ ဖန်တီးချက်ပြုတ်တာကို ဖလှယ်ချင်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
နိုင်ဇော်ကတော့ Master Chef Season 2 ရဲ့ Top 4 ပြိုင်ပွဲဝင်တယောက်ဖြစ်ပြီး “OMG ရခိုင်ရိုးရာအစားအစာဆိုင်”ကိုလည်း နေပြည်တော်မှာ ဖွင့်လှစ်ထားပါတယ်။
You may also like these stories:
ဘာသာရေးကားတွေ နောက်ထပ် မရိုက်ဖြစ်တော့ဘူး”လို့ သရုပ်ဆောင်ခိုင်ထူးသာ ပြော
ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးရဲ့ မယ်တော်နေရာက သရုပ်ဆောင်ထားတဲ့ လီလီကျော်ခိုင်