Black Panther ရုပ်ရှင်ထွက်ရှိလာချိန်မှာ ဇာတ်ဝင်ခန်း တော်တော်များများကို ခေတ်လွန် နည်းပညာနောက်ခံတွေနဲ့ ကြည့်ရှုခဲ့ကြရပြီး အက်ရှင် ဇာတ်ဝင်ခန်းတွေနဲ့ အကောင်းမွန်ဆုံး ဖွဲ့စည်း တင်ဆက်ပြသနိုင်ခဲ့ပါတယ်။ သရုပ်ဆောင်သစ်တော်တော်များများကို အရဲစွန့် ပွဲထုတ် သုံးထားပေမယ့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတကားလို့လည်း ပြောလို့ရပါတယ်။
Black Panther ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး “Civil War”, “Avengers: Infinity War”, “Avengers : Endgame” စတဲ့ ရုပ်ရှင်တွေမှာ Black Panther ဇာတ်ကောင်ကို တွေ့မြင်ခဲ့ရပါတယ်။
Marvel ရဲ့ နာမည်ကျော် ဗီလိန်တဦးဖြစ်တဲ့ Thanos နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ကြချိန်မှာ Black Panther ရဲ့ ညီမဖြစ်သူ Shuri ဟာလည်း တထောင့်တနေရာကနေ သူမကျွမ်းကျင်တဲ့ နည်းပညာတွေနဲ့ အထောက်အပံ့ပေးခဲ့တာကိုလည်း မှတ်မိကြဦးမယ် ထင်ပါတယ်။
နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ “Black Panther 2” မှာဆိုရင်တော့ သူမရဲ့ အခန်းကဏ္ဍတွေဟာ ပိုမိုပါဝင်လာဖို့ ရှိနေပြီး အဓိကဇာတ်ကောင် T’Challa အနေနဲ့ စူပါဟီးရိုးတယောက်လို နေထိုင်ဖို့ထက် သူ့ကိုယ်ပိုင်တိုင်းပြည်ရဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ရှိနေတယ်ဆိုတာကို အရင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေမှာ အရိပ်အမြွက် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Shuri ဟာ သူမ တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ စစ်သူရဲကောင်း တယောက် ဖြစ်ကြောင်းကိုလည်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
လတ်တလော သတင်းတွေအရဆိုရင်တော့ Shuri ဟာ Marvel ရဲ့ ပထမဆုံး အမျိုးသမီးဗားရှင်း Black Panther တယောက်အဖြစ် တွေ့မြင်ရနိုင်ခြေရှိကြောင်း သတင်းတွေထွက်ပေါ်နေတာပါ။ Black Panther နှစ်ယောက် ထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိတဲ့အပြင် Wakanda မှာ အမျိုးသားတွေနဲ့အတူ အမျိုးသမီးတွေကပါ အတူတကွ တိုက်ပွဲဝင်ခဲ့ဖူးတယ်ဆိုတာကလည်း မေ့မထားသင့်တဲ့ အချက်တခုပါ။
T’Challa ရဲ့ Black Panther အဖြစ် ရပ်တည်မှုဟာ အမှန်တကယ် ပြီးဆုံးသွားခဲ့ပြီဆိုရင်တော့ Shuri တယောက် Black Panther ဝတ်စုံနဲ့ ဘယ်လိုမျိုးတွေ့မြင်ရမလဲဆိုတာ စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
Ref. www.wegotthiscovered.com
You may also like these stories:
ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးက ချီးမြှင့်တဲ့ ထိပ်တန်းဆုများကို “Black Panther” ရုပ်ရှင် ရရှိ
တနှစ်ကို ပျမ်းမျှရုပ်ရှင်ကား ၃ ကားကနေ ၄ ကားအထိ ထုတ်လုပ်ဖို့ရှိနေတဲ့ Marvel