“ရှင်ဥပဂုတ္တရ ဟန္တာမထေရ်မြတ်ကြီး” ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင် ထုတ်လုပ်ပြီး ကိုယ်တိုင်ရိုက်ကူး သရုပ်ဆောင်ထားတဲ့ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေကတော့ ဒီကားကို ၁၀ နှစ်တာ လေ့လာဆည်းပူးပြီး ရိုက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီရုပ်ရှင်ဇာတ်ကားကတော့ အခုပြီးသွားပြီပေါ့။ ဒါပေမယ့် အခုလိုပြီးမြောက်ဖို့အတွက် အန်တီဝါက လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတော့ အိပ်မက်ထဲက ရဟန္တာမထေရ်မြတ်ကြီးကို ပူဇော်ခြင်း ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အကြောင်းအရာတွေကို လေ့လာဆည်းပူးပြီးတော့ မနှစ်က ဇာတ်လမ်းထဲမှာ ပါမယ့် ဇာတ်ကောင်တွေကို ရွေးတယ်။ ဝတ်စားဆင်ယင်မှုတွေကို ရွေးရတယ်”လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
ဇာတ်ကား မရိုက်ကူးခင်မှာလည်း Pre Production ကို အချိန် ၁ နှစ်ခန့် ပြုလုပ်ခဲ့ပြီး ပီပီပြင်ပြင်နဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကိုလည်း အရင်ဆုံး ဆွေးနွေးပုံဖော် မရိုက်ကူးခင် Pre Production မှာပေါ့နော်။ အဲဒီအပိုင်းကို အန်တီဝါတို့ ၁ နှစ်လောက် လုပ်ရပါတယ်။ ဒီဘက်ပိုင်းမှာ စရိုက်တဲ့အချိန်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ပေါ့။ စရိုက်တော့လည်း အယ်လ်နီညိုနဲ့ တပေါင်းတန်ခူး အချိန်ကြီး ဖြစ်နေတယ်။ အရမ်းကို နေပြင်းပါတယ်”
“နောက်ပြီး အန်တီဝါက အရမ်း ကြေး (ဂျီး) များတယ်။ စပေါ်မယ့် ရွှေငါးကြီးကလည်း ပရိသတ်တွေကြည့်တဲ့အခါမှာ အင်မတန် ထူးထူးဆန်းဆန်း အံ့သြဖွယ် ဖြစ်သွားမှာပါ။ အဲဒါကို သေချာ ပီပီပြင်ပြင်နဲ့ ရိုက်ကူးထားပါတယ်” လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
“ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး” ဇာတ်ကားကိုတော့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အနုပညာဖြင့် ပူဇော်တဲ့အနေနဲ့ ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။
“အဓိက ပြောချင်တာကတော့ ရဟန္တာကြီးရဲ့ ထေရုပ္ပတ္တိကို မရိုက်ကူးခင် ဒီဇာတ်ကားထဲမှာ အန်တီဝါတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုး စစ်စစ်ပါ။ နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားကို ဦးထိပ် ပန်ဆင်တယ်။ ဒီရုပ်ရှင်ကားမှာလည်း အားလုံးဖူးမျှော်နိုင်ဖို့အတွက် မြတ်စွာဘုရားရဲ့ဂုဏ်တော် ၉ ပါးကို အစဉ်အမြဲ ရွတ်ပါတယ်” လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
ဒီဇာတ်ကားကို ပရိသတ်တွေ ကောင်းတဲ့အမြင်နဲ့ ကြည့်ရှုပေးကြဖို့အတွက်လည်း ပြောခဲ့ပါတယ်။
“အဓိကကတော့ အန်တီဝါ့ရဲ့ အနုပညာနဲ့ ပူဇော်ခြင်းပဲ ဖြစ်ပါတယ်။ တတ်စွမ်းတဲ့ အနုပညာနဲ့ ပူဇော်ခြင်းဖြစ်တဲ့အတွက် CGI ဆိုတဲ့ အထူးပြုလုပ်ချက်တွေဟာဆိုရင် အန်တီဝါတို့ တိုင်းပြည်က လူတွေဟာတော်ကြပါတယ်။ တော်ကြတာကိုလည်း မြင်ရမှာပါ”
“ဒါပေမယ့် နိုင်ငံခြား CGI ကိုတော့ကြည့်ပြီး ဝေဖန်လို့ မရဘူးပေါ့။ သူတို့ ဒေါ်လာ သန်းပေါင်း ၆၀ လောက် အကုန်ခံပြီး ကမ္ဘာနဲ့အနှံ့ ပြတယ်လေ။ အန်တီဝါတို့ကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကလေးတွေကို မြှင့်တင်တာပေါ့။ သူတို့ကိုလည်း ကြိုးစားခိုင်းတယ်။ ၁ နှစ် အချိန်ယူတယ်။ ကောင်းသောအမြင်နဲ့ ကြည့်ရင် ကျေနပ်ကြမှာပါ” လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
သရုပ်ဆောင်များအနေနဲ့ ရန်အောင်၊ ရဲအောင်၊ နေမျိုးအောင်၊ ဝါဇင်၊ ဝါဝါဝင်းရွှေ၊ ဆုပန်ထွာ၊ လီလီကျော်ခိုင်တို့အပြင် ဝါဝါဝင်းရွှေရဲ့ မြေးဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။
“မျိုးဆက်အနေနဲ့ကတော့ အန်တီဝါရဲ့မြေးလေး ဝါရွှေနွယ်သွေးဝင်း ၁၆ နှစ်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က မြေးလေးကို မစ္ဆဒေဝီ မင်းသမီးလေးနေရာမှာ တခန်းပါပေးဆိုပြီး ပါပါတယ်။ သူ့ကိုလည်း အန်တီဝါ့ကို ချစ်သလိုပဲ သူ့ကို ချစ်ခင်ပေးကြပါ လို့ မိတ်ဆက်ပေးထားပါတယ်။ မင်းသမီးလေး လီလီကျော်ခိုင်ရဲ့ ငယ်ဘဝ နေရာလေးပေါ့” လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
အားစိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ယခင်ရုပ်ရှင်ဇာတ်ကား ၃ ကားစာလောက်ကုန်ကျစရိတ်နဲ့ ရိုက်ထားတယ် လို့ သိရပါတယ်။
“အမှန်ပြောရရင် ရိုက်သမျှကား ကုန်ကျစရိတ်ကို မှတ်ကို မမှတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာကို ဖန်တီးချင်တဲ့အတွက် အန်တီဝါ့ကို ဘရိတ်အုပ်လို့လည်း မရဘူး။ ဒီဇာတ်ကားက အန်တီဝါတို့ ရိုက်ရိုး ရိုက်စဉ်ခေတ်ကားလည်း မဟုတ်တဲ့အတွက်ကြောင့် အဖွဲ့ပေါင်းစုံ ပါဝင်ပြီးတော့ နဂို ရိုက်နေကျ ၃ ကားစာ ရိုက်ထားတယ်” လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
“ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
You may also like these stories:
ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာတဲ့ မင်းသမီး ဖန်ပင်းပင်း
“ဘာသာရေးကားတွေ နောက်ထပ် မရိုက်ဖြစ်တော့ဘူး”လို့ သရုပ်ဆောင်ခိုင်ထူးသာ ပြော