Entertainment

"အနုပညာရှင်တွေ အများကြီး ကူကြပါတယ်၊ ပရိသတ်တွေ နားလည်မှု လွဲတာပါ"

ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီ ၄၀ မိနစ်အချိန်၊ ရန်ကုန်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်သူ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပန အခမ်းအနားကိုတော့ ယနေ့၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၃ နာရီအချိန်၊ ရန်ကုန်မြို့၊ ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။

ကစ်ကစ်ရဲ့ ကွယ်လွန်မှုကို ပရိသတ်များနဲ့ အနုပညာ အသိုင်းအဝိုင်းကပါ စိတ်မကောင်းဖြစ်နေကြပြီး ယနေ့၊ ကစ်ကစ် နာရေးကို လိုက်ပါ ပို့ဆောင်ပေးကြတဲ့ အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များက အခုလိုပဲ ဝမ်းနည်းစကားများ ဆိုထားကြပါတယ်။

ဒိန်းဒေါင်

ကစ်အတွက် အရမ်းစိတ်မကောင်းဘူး။ ဝမ်းနည်းမိပါတယ်။ ရှားရှားပါးပါး ဟာသမယ်တယောက် မိန်းကလေးထဲမှာ ဟာသလုပ်နိုင်တာ ရှားတယ်လေ။ စောစောကြီး ထွက်ခွာခဲ့ရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ကျနော့် အဖွဲ့ထဲမှာ ၃ နှစ်လောက် အတူတူ သီချင်းဆိုဖူးတယ်။

သူရယ်တာလေးကိုက ချစ်စရာလေး။ သူရယ်တာလေးကို ပရိသတ်က လိုက်ရယ်ကြတယ်။ အရမ်းဝမ်းနည်းတယ်။သတိရပါတယ်။ သမီးလေးလည်း အားမငယ်ပါနဲ့ လိုအပ်တာရှိရင် တိုက်ရိုက်ပြောပြီး အကူအညီတောင်းပါ။ မကစ်တယောက် ကောင်းရာမွန်ရာရောက်ရှိပြီး နောက်ဘဝတွေမှာ စောစောစီးစီး ရောက်ရှိတဲ့ ဘဝကနေ ထွက်ခွာမသွားရပါစေနဲ့ ဆုတောင်းခဲ့ပါတယ်။

ခင်သဇင်

မကစ် ကောင်းမွန်သာယာ ပျော်ရွှင်အေးချမ်းတဲ့ ဘဝရောက်ပြီး ရှင်သန်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒီနေ့ မနက် နာရေးကူညီမှု အသင်းမှာ မကစ်အတွက် ရည်စူးပြီး ၃ သိန်းသွားလှူပေးတယ်။ မကစ်အတွက် အကောင်းဆုံး လုပ်ပေးခဲ့တာတွေ မကစ် မြင်နိုင်ပါစေ၊ ကြားနိုင်ပါစေ ဆုတောင်းတယ်။

အနုပညာအသိုင်းအဝိုင်းက မင်းသား၊ မင်းသမီးတွေလည်း ဖုန်းတွေ ဆက်ကြပါတယ်။ ဝတ်မှုန်ရွှေရည်၊ မခိုင်ကြီး၊ သက်မွန်၊ ရတနာဗိုလ်၊ ကိုဝေဠုကျော်၊ ကိုမြင့်မြတ်၊ ကိုပြေတီဦးနဲ့ မအူဝဲတို့ ဖုန်းတွေ ဆက်ကြပါတယ်။ ဖုန်းတွေ ဆက်ပြီး လှူကြပါတယ်။ ရိုက်ကွင်းတွေရှိနေလို့ မလာနိုင်ကြတာပါ။

အနုပညာရှင်တွေ အများကြီး ကူကြပါတယ်။ ပရိသတ်တွေက မသိလို့ပါ။ အနုပညာရှင်တွေက အကုန် ဖုန်းဆက်ပြီး မေးကြတယ်။ လှူကြပါတယ်။ ပရိသတ်တွေ နားလည်မှု လွဲကြတာပါ။ မကစ် သမီးလေးကိုလည်း မေမေ မှားမှား ကိုယ်မှားမှား၊ နောက်ဆုံး တောင်းပန်လိုက်ပါလို့ ပြောတယ်။ စိတ်ချသွားပါလို့လည်း သမီးလေးကို အမေ့ကိုပြောပါလို့ ဆုံးမတယ်။

ထွန်းကိုကို

တနိုင်ငံလုံးက ပရိသတ်တွေ ကျနော်တို့နဲ့ ထပ်တူ ဝမ်းနည်းလိမ့်မယ်လို့ ထင်ပါတယ်။ အမြဲတမ်းလိုလို ဟာသလေးတွေနဲ့ ပျော်ရွှင်အောင် ဖျော်ဖြေခဲ့တဲ့ ဟာသ သရုပ်ဆောင် အခုတော့ နောက်ဆုံးချိန်မှာ တော့ သူ့အတွက် ဝမ်းနည်းနေကြတာပေါ့။ ကျနော်တို့လည်း နာရေးကူညီမှုအသင်း(ရန်ကုန်) ကနေ စပြီး သတင်းကြားကတည်းက အစအဆုံး ကျနော်တို့ အသင်းကနေ ကူညီပေးခဲ့တယ်။

ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေတော့ အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါတယ်။ မကစ်က သမီးလေးရှိ တယ်။ သားမိနှစ်ယောက် ဘဝကို ရုန်းကန်နေတာလည်း တွေ့ရတယ်။ သမီးလေးအတွက်လည်း စိတ်မကောင်းပါဘူး။ မကစ် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပါတယ်။

You may also like these stories:

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ခင်သဇင်

ကစ်ကစ်ရဲ့ နောက်ဆုံးအချိန် အကြောင်း ပြောပြတဲ့ အနီးကပ် ပြုစုစောင့်ရှောက်ပေးသူ မနွယ်နွယ်

ဟာသ သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ

Loading