Netflix မှာပြသခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ “Kingdom” ရဲ့ နောက်ဆက်တွဲ Season 2 မှာ မင်းသမီး ဂျွန်ဂျီဟွန် (Jun Ji Hyun) ပါဝင်ဖို့ သေချာသွားပါပြီ။ ဒါ့ပြင် နောက်ထပ် ဆက်တိုက် ထွက်ရှိလာမယ့် Season 3 မှာပါ ဆက်လက် ပါဝင်ဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စတင်ထုတ်လွှင့်ခဲ့တဲ့ “Kingdom” ဇာတ်လမ်းတွဲဟာ ကြည့်ရှုသူ များတာကြောင့် Season 1 ပြီးတာနဲ့ တပြိုင်နက် Season 2 ကို ဆက်တိုက်ရိုက်ကူးခဲ့တာပါ။ ဒါပေမယ့်လည်း Season 2 မှာ မင်းသမီး ဂျွန်ဂျီဟွန် ပါဝင်တာကို ထုတ်ဖော် မပြောခဲ့ဘဲ Season 1 က သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား ဂျိုဂျီဟွန်းနဲ့ မင်းသမီး ဘယ်ဒူနာတို့ပဲ ဆက်လက် ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။
ကူးစက်ခံ Zombie ဖုတ်ကောင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီးအကြောင်းကို ဂျိုဆောင် ခေတ်ကာလ အခြေခံ ရိုက်ကူးထားတဲ့ Kingdom ဟာ Season 1 မှာ အပိုင်း ၆ ပိုင်းပဲ ရှိပေမယ့် ကြည့်ရှုနှုန်း မြင့်ခဲ့တာကြောင့်လည်း Season 2 နဲ့ 3 ကို ဆက်တိုက် ရိုက်ကူးဖို့ ဖြစ်လာခဲ့တာပါ။
Season 2 မှာ မင်းသမီး ဂျွန်းဂျီဟွန် ပါဝင်လာမယ့် အကြောင်းကို လျှို့ဝှက်ထားခဲ့ပြီး Netflix ရဲ့ ထုတ်လုပ်ရေးအဖွဲ့ လူတိုင်းကိုတောင် အသိမပေးခဲ့ပါဘူး။ ဂျွန်းဂျီဟွန်ဟာ Season 2 အဆုံးပိုင်းလောက်မှာ ပါဝင်မှာဖြစ်ပြီး Season 3 မှာတော့ အဓိက ဇာတ်ဆောင်နေရာက ပါဝင်ဖို့ ဖြစ်နိုင်ချေများနေပါတယ်။ ဂျွန်းဂျီဟွန်း ပါဝင်မယ့် အခန်းတွေကို အဓိကဇာတ်ဆောင်တွေ ရိုက်ကူးပြီးမှ သီးသန့်ရိုက်ကူးခဲ့တဲ့ထိ လျှို့ဝှက်ထားခဲ့ကြပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေကို မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Culture Depot ကလည်း အတိပြုပေးခဲ့ပါတယ်။ “ဂျွန်ဂျီဟွန်ဟာ ပြသတော့မယ့် “Kingdom” Season 2 မှာ ပါဝင်လာမှာပါ။ ဒါပေမယ့်လည်း ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဘာမှမပြောပြနိုင်သေးပါဘူး။ အားလုံး နားလည်ပေးမယ်လို့ ထင်ပါတယ်”လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
Season 3 ပတ်သက်ပြီးတော့လည်း “ထုတ်လုပ်ရေးဘက်ကတော့ အတိအကျ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ တကယ်လို့ တရားဝင် ကမ်းလှမ်းလာခဲ့ရင်လည်း ကျနော်တို့ဘက်က လက်ခံသွားဖို့ အလားအလာ ရှိပါတယ်”လို့ ဆိုပါတယ်။
“Kingdom” Season 2 ဟာ ဂျွန်ဂျီဟွန်အတွက် “The Legend of the Blue Sea” နောက်ပိုင်း ၄ နှစ်အတွင်း ပထမဆုံး ပြန်လည် ရိုက်ကူးမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
Kingdom စီးရီး Season 2 အတွက် ဓာတ်ပုံများထွက်ပေါ်လာ
“Kingdom 2” ရဲ့ အငယ်ဆုံး ရိုက်ကူးရေးအဖွဲ့ဝင် မတော်တဆမှုနဲ့ ကွယ်လွန်
“Kingdom” စီးရီး Season 2 ကို လာမယ့်နှစ်အတွင်း Netflix တွင် ပြသမည်