ဗြိတိသျှမင်းသား John Boyega ဟာ သူရရှိထားခဲ့တဲ့ Star Wars ရုပ်ရှင်အသစ် ဇာတ်ညွှန်း ကော်ပီကို အိပ်ရာအောက်မှာ ထားခဲ့ရာကနေ eBay အွန်လိုင်းဈေးရောင်းဝယ်မှု ဝက်ဘ်ဆိုက်မှာ ရောင်းချခံခဲ့ရမှု ဖြစ်ပွားခဲ့ရကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
“Star Wars: The Rise Of Skywalker” ရုပ်ရှင်မှာ Stormtrooper တဖြစ်လဲ တိုက်ခိုက်ရေးသမား Finn အဖြစ် ပါဝင်ထားတဲ့ မင်းသား Boyega က သန့်ရှင်းရေးဝန်ထမ်းတဦးဟာ အဲဒီ ဇာတ်ညွှန်းကို တွေ့ရှိခဲ့ပြီး eBay လေလံပေး ဝက်ဘ်ဆိုက်ပေါ်မှာ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ရုပ်သံအစီအစဉ် Good Morning America ကို ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာ JJ Abrams က ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဟာ eBay မှာ စာရင်းတင်ထားတဲ့ အဲ့ဒီ ဇာတ်ညွှန်းကို တွေ့ရှိခဲ့ပြီး တခြားလူလက်ထဲ မရောင်းချနိုင်မီ ပြန်လည် ရရှိနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ကြောင်း၊ အဲ့ဒါကြောင့် ဇာတ်လမ်းမှာ ပါဝင်တဲ့ အကြောင်းအရာ လျှို့ဝှက်ချက်တွေမှာ ဘေးကင်းလုံခြုံကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
မင်းသား Boyega က “ကျနော်က တိုက်ခန်းကို ပြောင်းနေတာပါ။ ကျနော့် အိပ်ရာအောက်မှာ ဇာတ်ညွှန်းကို ထားခဲ့မိတယ်။ ကျနော်က သြော် ဘာဖြစ်လဲ ငါ့အိပ်ရာအောက်မှာ ငါထားခဲ့မှာပဲလေလို့ တွေးလိုက်မိတယ်။ ဒီမနက် မိုးလင်းလို့ နိုးတဲ့အချိန်မှာ ကျနော် အဲ့ဒါကို ပြန်ရွှေ့ထားမယ်ပေါ့”
“ဒါပေမယ့် ကျနော့်အပေါင်းအသင်းတွေရောက်လာရာကနေ ကျနော်တို့ ပါတီလေး နည်းနည်းလုပ်လိုက်ကြတယ်။ ပြီးတော့ ဇာတ်ညွှန်းကိုတော့ အဲ့ဒီနေရာမှာပဲ ဆက်ထားခဲ့မိတယ်” လို့ ဆိုပါတယ်။
အဲ့ဒီနောက် မင်းသားက “သန့်ရှင်းရေးဝန်ထမ်းတဦး ဝင်လာခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အဲ့ဒီဇာတ်ညွှန်းကို ပေါင်စတာလင် ၆၅ နဲ့ eBay မှာ တင်ထားခဲ့တာကို တွေ့လိုက်ရပါတယ်။ ဘယ်သူကမှ အဲ့ဒီဟာရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မသိကြပါဘူး”လို့ ထပ်လောင်း ပြောကြားပါတယ်။
“Star Wars” ရုပ်ရှင်တွေရဲက ဇာတ်ညွှန်းတွေကတော့ ရုပ်ရှင်လောကမှာ တော်တော်လေးကို နီးနီးကပ်ကပ် စောင့်ကြပ်ရတဲ့ ဇာတ်ညွှန်းတွေ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်တော်များများဟာ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ညွှန်းအပိုင်းတွေကိုပဲ ရကြတာဖြစ်ပြီး ဝေဖန်သူတွေက ရုပ်ရှင်ကို အကျယ်တဝင့် ကြိုတင် မသိမြင်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
မင်းသား Boyega ကတော့ ရုပ်ရှင်ရဲ့ အဆုံးသတ်ကို သူမသိခဲ့ဘူးလို့ဆိုပါတယ်။ သူက “ကျနော်တို့က မတူညီတဲ့ အရာတွေ တော်တော်များများ ရိုက်ကူးခဲ့တာကြောင့် တကယ်တော့ ဇာတ်သိမ်းကို ကျနော် မသိပါဘူး။ ကျနော် သိချင်ပါတယ်။ နောက်တပတ်မှာ ရုပ်ရှင်ကို ပထမဆုံးအကြိမ် ကြည့်ရမယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
Ref:Reuters
You may also like these stories:
“Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ
Star Wars ခေါင်းဆောင်း အပါအဝင် ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ဝင်ပစ္စည်းတချို့ကို လေလံပစ်မည်
Game of Thrones စီးရီးထုတ်လုပ်ရေးမှူး နှစ်ဦးကို Star Wars ရုပ်ရှင်မှ ဖယ်ရှားပေးရန် တောင်းဆိုခံရ