နှစ်စဉ် ကျင်းပလာခဲ့တာ ၇နှစ်ရှိပြီဖြစ်တဲ့ Myanmar Int’L Fashion Week ကို ဦးဆောင်ကျင်းပခဲ့တဲ့ Star & Model Agency ရဲ့ ပဲ့ကိုင်ရှင် ဂျွန်လွင်ကတော့ ဒီ Fashion Week ကို သူသေသွားမှ ရပ်မယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အဓိက ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ကျနော် မော်ဒယ် အေဂျင်စီ ထောင်တယ်။ မော်ဒယ်မျိုးစေ့ကို မြန်မာနိုင်ငံမှာ ချလိုက်တယ်။ မော်ဒယ်လောကကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ ဖက်ရှင်လောကကြီး ဖွံ့ဖြိုးတိုးတက်မှ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ တိုးတက်မှာ ဖြစ်တယ်။ အဲဒါကြောင့် Fashion Week ဆိုတာကို တည်ထောင်ပြီးတော့ တနှစ်တခါ ကျင်းပပေးတာ။ တခြားတိုင်းပြည်မှာ ဆိုရင်တော့ တနှစ်ကို ၂ ပွဲ လုပ်ကြတာ။ ဒီမှာတော့ အဲ့လိုလုပ်ပေးဖို့ ခွန်အား မရှိဘူး။ စပွန်ဆာတွေ ရှိလို့သာ လုပ်နိုင်တာ။ ကျနော် သေသွားမှပဲ ရပ်လိုက်မယ်” လို့ ဂျွန်လွင်က ပြောပါတယ်။
ဒီနှစ်အတွက် Myanmar Int’L Fashion Week 2019 ကိုတော့ ဒီဇင်ဘာလ ၂၀ ၊ ၂၁ ၊ ၂၂ရက်နေ့များမှာ ရန်ကုန်မြို့ The Central Boulevard မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“ဒီဇင်ဘာ၂၀ ၊ ၂၁ ၊ ၂၂ မှာ Myanmar Int’l Fashion Week ကို The Central မှာ ကျင်းပပါမယ်။ ဒီနှစ်မှာတော့ ဒီဇိုင်နာ ၉ ယောက်ရဲ့ဒီဇိုင်းတွေကို ပြမယ်။ ထူးခြားတာတခုက နိုင်ငံခြားက ဒီဇိုင်နာ ၂ ယောက် ပါမယ်။ ပြည်တွင်းက ၇ ယောက်၊ နိုင်ငံခြားက ၂ ယောက်ပါ။ မော်ဒယ်တွေကိုလည်း လာပြီးပြမယ်။ မြန်မာပြည်မှာ ကျနော့်အတွက် အခမဲ့ အဓိက မလုပ်ဘဲ အင်အား လာဖြည့်ပေးကြတာပါ” လို့ ဂျွန်လွင်က ပြောပါတယ်။
ယခုနှစ်မှာတော့ မြန်မာနိုင်ငံမှ ဒီဇိုင်နာ ၇ ယောက်နဲ့ နိုင်ငံခြားမှ ဒီဇိုင်နာ ၂ ယောက်ရဲ့ ဒီဇိုင်းများကို ပြည်တွင်းပြည်ပ မော်ဒယ်များနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
“ကျနော်တို့ Fashion week မှာလုပ်ရင် တကယ့်ကို ကောင်းတဲ့သူနဲ့ အရည်အချင်းရှိတဲ့သူနဲ့ အင်္ကျီ တထည်ကို ပီပီပြင်ပြင် ဝတ်ပြီး ပီပီပြင်ပြင် ပြနိုင်တဲ့လူမျိုးကို ကျနော်တို့က ရွေးတာ။ ပေါ်ပင်ဖြစ်တဲ့သူက ကျနော်တို့အတွက် အရေးမှ မကြီးတာ” လို့ ဂျွန်လွင်က ပြောပါတယ်။
လက်ရှိ မော်ဒယ်ဆိုပြီး နာမည်တပ်နေကြသူတွေကိုလည်း ဂျွန်လွင်က “မော်ဒယ်ဖြစ်တာတော့ ဟုတ်တယ်။ သူတို့ကို တကယ်ရောခေါ်သုံးနေလား၊ စင်ပေါ်တွေမှာတကယ်ရော လျှောက်နေလားဆိုတာတွေရှိတယ်လေ။ အခုကျနော်တို့ International Fashion Week ကြီး ကျနော်တို့လုပ်မယ်”
“မြန်မာ တပြည်လုံးမှာရှိတဲ့ မော်ဒယ် အကုန်နီးနီးကို ခေါ်သုံးမှာ။ ဒါပေမယ့် ကျနော်နဲ့ အလှမ်း မမှီတာတွေ ရှိကောင်းရှိမယ်။ ကျနော်နဲ့ မသိတာတွေ ရှိကောင်းရှိမယ်။ သူတို့က ဒီလိုပွဲမျိုးမှာပါလား ဆိုတာရှိရမယ်လေ။ အဲ့လိုပါလာမှဖြစ်လာမှာလေ”လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို မော်ဒယ်လုပ်ငန်းနဲ့ စတင်လာခဲ့တဲ့ ဂျွန်လွင်ကတော့ ယနေ့ထိတိုင် အောင်မြင် ကျော်ကြားနေတဲ့ မင်းသား၊ မင်းသမီးများ၊ စူပါမော်ဒယ် အများအပြားကို မွေးထုတ်ပေးခဲ့ပြီး ခမ်းနားတဲ့ ပွဲများစွာလည်း ဦးဆောင် ကျင်းပလျက် ရှိပါတယ်။
You may also like these stories:
ပရိသတ်များ အားမရခဲ့တဲ့ “Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ သီဆိုမှု ည”
ဝတ်တဲ့ အဝတ်အစားတွေကို ဈေးနှုန်းတခုနဲ့ တန်ဖိုးမဖြတ်စေချင်တဲ့ နေခြည်ဦး