မြန်မာနိုင်ငံမှာ ရှားပါးတဲ့ အမျိုးသမီး ဟာသမယ်တဦးဖြစ်တဲ့ ကစ်ကစ်ကတော့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ သူချစ်တဲ့ အနုပညာလောကကို ကျောခိုင်း ထွက်ခွာသွားခဲ့ပါပြီ။ ကစ်ကစ်ဟာ မကွယ်လွန်သေးတဲ့ အချိန်အထိ ကျောက်ကပ်ရောဂါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အလှူရှင်များ ပေးလှူခဲ့တဲ့ အလှူငွေများနဲ့ ရောဂါကို ကုသခဲ့ရသူပါ။
ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ အနုပညာလောကထဲမှာ ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေခဲ့သူာပါ။ သရုပ်ဆောင် ကစ်ကစ်က လယ်ဝေးဇာတိဖြစ်ပြီး ရန်ကုန်ကို ရောက်ရှိကာ အနုပညာလောကထဲ ဝင်ရောက်လာခဲ့သူပါ။
ငယ်စဉ်ကတည်းက ဟာသဉာဏ် ရှိခဲ့လို အသက်ကြီးလာရင် ဟာသ သရုပ်ဆောင်ပဲ လုပ်ဖို့ရည်ရွယ်ခဲ့တဲ့ ကစ်ကစ်ဟာ သူမရဲ့ ငယ်စဉ်အိပ်မက်အတိုင်း ဟာသ သရုပ်ဆောင်တဦး ဖြစ်လာခဲ့ပါတယ်။ ပရိသတ်တွေက သူမ ပြောတဲ့ ဟာသကို ရယ်မောရင် ကုသိုလ်ရပြီလို့ ခံယူချက်တွေနဲ့ ဟာသတွေ ပြောရင်း အများသဘောကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အနုပညာနဲ့ ပတ်သက်ရင် “ငှက်ကလေးရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ရုပ်ရှင်ကားမှာ ကစ်ကစ်ဟာ ကိုယ်တိုင် သီချင်းသီဆိုခဲ့ပြီး ငိုခဲ့ရတဲ့ ဇာတ်ကားဖြစ်လို့ လုပ်ခွင့်ရခဲ့တဲ့ ဇာတ်ကားတကားဖြစ်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကား ရိုက်ကူးခဲ့စဉ်က သူမက သမီးလေး ကိုယ်ဝန်ကို ဆောင်ထားရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူကွယ်လွန်ချိန်မှာ တဦးတည်းသော သမီးလေး ကျန်ရစ်နေခဲ့ပါတယ်။
ကစ်ကစ်ဟာ အမျိုးသမီးဟာသ ဇာတ်ကောင် အရိုက်များခဲ့ပေမယ့် ဒရာမာကား တချို့မှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။ သူငယ်ချင်းအခန်းတွေ အရိုက်များလာပြီး နောက်ပိုင်းမှာ အခန်းများများ အရိုက်များလာတာဟာ သူမရဲ့ သရုပ်ဆောင် စွမ်းရည်ကြောင့်လည်း ဖြစ်ပါတယ်။ ကစ်ကစ် ကိုယ်တိုင်လည်း အင်တာဗျူးတခုမှာ အခုလို ဖြေခဲဖူးပါသေးတယ်။
“ကိုယ်တိုင် လုပ်ခွင့်ရတဲ့ကားတွေ၊ အားသွန်ခွန်စိုက် လုပ်ခဲ့တဲ့ အခန်းတွေက ဆင်ဆာထဲ ပါရင်ပါ၊ ဖြတ်ရင်ဖြတ်လိုက်တာ ကိုယ့်မှာ ကြုံရတော့ ဘယ်ကားမှာ ငါဘယ်လို လုပ်ထားတာပြောပေမယ့် တကယ်တမ်း ဇာတ်ကားမှာပါမလာတော့ဘူး။ ကစ်ကစ်က ကားရိုက် အရေအတွက်တော့ များပါရဲ့။ တကယ်တမ်း အထင်ကရကားတွေဆို ပါမလာဘူး ပြောကြတယ်”ဆိုပြီး သူမရဲ့ အနုပညာစွမ်းရည်ကို ပြသခွင့် မရခဲ့တဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်လို့လည်း အခုလို ဝမ်းနည်းစွာ ရင်ဖွင့်ပြီး ဖြေကြားခဲ့ဖူးပါတယ်။
ဟာသ ဇာတ်ဝင်ခန်းတွေမှာ ကစ်ကစ်ရဲ့ လှောင်သလို ရယ်တဲ့ ရယ်သံကလည်း ကစ်ကစ်ရဲ့ အမှတ်အသားလို့တောင် ပြောလို့ရပါတယ်။ ကစ်ကစ်ကတော့ ဒါဟာ လုပ်ရယ်သံ မဟုတ်ဘဲ သူရဲ့နဂိုအတိုင်း ရယ်ခဲ့တဲ့ ရယ်သံလေးပါလို့ ဆိုထားပါတယ်။
အရင်က ဟာသကားတွေကို ပြန်ကြည့်ရင် မင်းသား၊ မင်းသမီးတွေကို ဇာတ်လမ်းမှာ အပို့လေးတွေနဲ့ ရယ်စရာတွေပြောရင်း ဇာတ်လမ်းကို အသက်ဝင်စေခဲ့တဲ့ ဇာတ်ပို့၊ ဇာတ်ရံ ဟာသ သရုပ်ဆောင်တွေကလည်း မပါမဖြစ်တွေပါ။ ဒီထဲမှာ ကစ်ကစ်ကတည်း တဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။ ကစ်ကစ်ဆိုတဲ့အတိုင်း သူရဲ့ ခန္ဓကိုယ်ဝဝကြီးနဲ့ ဟန်ပန် သရုပ်ဆောင်မှုတွေက ပရိသတ်တွေကို ပျော်စရာတွေ ပေးခဲ့တာပါ။
ဒါပေမယ့် ကစ်ကစ်ဟာ ကံဆိုးစွာနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်နေရင်းနဲ့ ကျောက်ကပ်ဝေဒနာကို ခံစားခဲ့ရတဲ့အတွက် ရောဂါကို ရေရှည်ကုသမှု ခံယူခဲ့ရတာပါ။ ကစ်ကစ်အတွက် သရုပ်ဆောင် ခင်သဇင်ကလည်း ထာဝရ ကုသိုလ်ရှင်အဖြစ် ခံယူရင်း အလှူရှင်များထံကနေ အလှူငွေ ကောက်ခံပေးရင် ကျောက်ကပ်ဆေးဖို့ ကူညီပေးခဲ့ပါသေးတယ်။ နေမကောင်းဖြစ်နေတဲ့ကြားက “အနုပညာအလုပ်တွေကို လုပ်ချင်သေးတယ်”ဆိုပြီး ကစ်ကစ်က ပြောခဲ့ဖူးလို့ အနုပညာအပေါ်ထားတဲ့ သူရဲ့ သံယောဇဉ်ကိုလည်း မြင်နိုင်ပါတယ်။
ဒါပေမယ့် ၂၀၁၉၊ နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်မှာတော့ သရုပ်ဆောင် ကစ်ကစ်ဟာ သူချစ်တဲ့ သမီး၊ အနုပညာ၊ ပရိသတ်တွေကို ထားခဲ့ပြီး ဘဝတပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ ကစ်ကစ်ရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာ ၂၉ ရက်နေ့က ရေဝေးမှာ သင်္ဂြိုလ်ခဲ့ပြီး သူ့ကို ချစ်တဲ့ ပရိသတ်များစွာက လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရှားပါးတဲ့ အမျိုးသမီးဟာသ သရုပ်ဆောင်တဦးကတော့ အနုပညာလောကမှာ မရှိတော့ပါဘူး။ ဒါပေမယ့် ကစ်ကစ်ရဲ့ အနုပညာ ရည်မှန်းချက်ဖြစ်တဲ့ “နာမည်ကြီး ဟာသ သရုပ်ဆောင်အဖြစ် လူတိုင်းက သိတာ ဖြစ်စေချင်ပါတယ်”ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ပြည့်ခဲ့ပါတယ်။ ။