ကျောက်ကပ်ရောဂါ ခံစားခဲ့ပြီး ကွယ်လွန်သွားတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်အတွက် အနုပညာအသိုင်းအဝိုင်းက စိတ်မကောင်းဖြစ်ရသလို အနုပညာအလုပ် အတူတူ လုပ်ကိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေက အခုလိုပဲ နှမြောတသ ဝမ်းနည်းစကားတွေ ဆိုထားကြပါတယ်။
“မကစ်နဲ့ ဗီဒီယိုမှာကတည်းက တွဲဖက်ပြီး လုပ်ကိုင်ခဲ့ပြီး အရမ်းချစ်ခဲ့ရတဲ့ ညီမ ဖြစ်တယ်။ သူက တွေ့တိုင်း ညီမလေးလို ချစ်တဲ့အတွက် အမြဲ ဆုံးမတယ်။ အစားအသောက်ကို သတိထားပါ။ အရမ်းမစားနဲ့ ပြောလည်း သူက အစားမက်တယ်။ ဝက်သားနဲ့ မတည့်ဘူးဆိုလည်း စားချင်တယ်။ အအေးတွေ သောက်ချင်တယ်။ ဒီအသောက်ကနေပဲ ဆီးချိုနဲ့ ပတ်သက်တာတွေ ကျောက်ကပ်နဲ့ ပတ်သက်တာတွေ ဖြစ်တယ်။ ကိုယ်တွေက သူ့ကို ဆင်ခြင်စေချင်တာ။ သူက အစားမှားသွားတော့ ရောဂါတွေ ဝင်လာတာပေါ့”လို့ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်တဲ့ သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံက ပြောပါတယ်။
ကစ်ကစ်နဲ့ ခရီးတွေ အတူတူ ထွက်ခဲ့ဖူးတယ်ဆိုတဲ့ ဟာသ သရုပ်ဆောင် ဂွမ်းပုံကြီးကတော့ ကစ်ကစ်က အားလုံးနဲ့လည်း အဆင်ပြေ၊ ချစ်ခင်အောင် နေတတ်တဲ့ သူတယောက်လို့ ဆိုပါတယ်။
“ဇာတ်ကားရိုက်ဖို့ နယ်တွေသွားရင် အတူတူ နေခဲ့ကြတယ်။ ခဏခဏလည်း နယ်တွေ ထွက်ဖြစ်ကြတယ်။ ညီအစ်မ အရင်းတွေလိုလည်း ချစ်ကြပါတယ်။ သူများကို ပျော်ရွှင်စေချင်တဲ့ ပြုလုပ်ဆောင်ချက်တွေနဲ့ အတူတူ မှန်သားပြင်လိုပဲ ပြန်လည်ခံစားရပါစေ။ ကစ်ကစ်ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပေမယ့်လည်း ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတဲ့ ညီမလေးပါ ”
“အနုပညာ ဇာတ်ပို့၊ ဇာတ်ရံထဲက ညီမလေး ဆုံးရူံးရတော့ စိတ်မကောင်းဖြစ်ရတယ်။ ကစ်ကစ်က ချစ်ဖို့ ကောင်းပါတယ်။ အာလုံးနဲ့လည်း ချစ်ခင်အောင် နေတတ်တယ်။ အစားလည်း သောင်းကျန်းတယ်။ ချစ်စရာကောင်းတဲ့ ညီမလေးပါ။ ဟာသ သရုပ်ဆောင် ဆိုပေမယ့် ဆုလေးမရတာပဲ ရှိတာပါ။ ပရိသတ်တွေကလည်း ချစ်ကြတယ်”လို့ သရုပ်ဆောင် ဂွမ်းပုံကြီးက ပြောပါတယ်။
ဟာသ သရုပ်ဆောင် မိန်းကလေး ရှားတာကြောင့် ကစ်ကစ် နောက်ဘဝ လူ့ဘဝပြန်ရခဲ့ရင် အနုပညာသမားပြန်ဖြစ်ပြီး ငြိမ်းချမ်းစွာ သက်ရှည်ကျန်းမာစေချင်တယ်လို့လည်း လူကြမ်းသရုပ်ဆောင် လူမုန်းက ဆိုပါတယ်။
“လူတယောက် ရယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ငိုဖို့က လွယ်ပါတယ်။ အဲ့ထဲက မိန်းကလေးဖြစ်တဲ့အတွက် ဟာသမိန်းမက ရှားပါတယ်။ ရှားရှားပါးပါးထဲက တယောက် အခုလို ငယ်ရွယ်ချိန်မှာ ဆုံးပါးသွားတဲ့အတွက် ကျနော်တို့ ဇာတ်ပို့၊ ဇာတ်ရံ ကိုလူချောအဖွဲ့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်”
“ကျနော်တို့ ညီမလေးလို ခင်ရတဲ့ ညီမလေးက လူတွေကို ရယ်စရာတွေ လုပ်ပေးရင်း စောစီးစွာ ခွဲခွာသွားရတော့ စိတ်မကောင်းပါ ဖြစ်ရပါတယ်။ နောင်ဘဝ လူ့ဘဝပြန်ရခဲ့ရင် အနုပညာသမားပြန်ဖြစ်ပြီး ငြိမ်းချမ်းစွာ သက်ရှည် ကျန်းမာပြီး အနုပညာလုပ်ငန်းတွေ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ သရုပ်ဆောင် လူမုန်းက ပြောပါတယ်။
ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ရက်လည် ဆွမ်းကျွေးကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့၊ ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်ရှိ ကစ်ကစ်တို့ နေအိမ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကစ်ကစ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။