မိဘအပေါ်သိတတ်ပြီး တဦးတည်းရှိတဲ့မောင်လေးကိုလည်း ဂီတနဲ့ပတ်သက်လို့ လက်တွဲခေါ်ယူနေတဲ့ အဆိုတော်အိမ့်ချစ် ကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သူမက မိသားစုထဲမှာ ဦးဆောင်နေတဲ့သူ တယောက်ဖြစ်တာကြောင့် မိသားစုထဲက လွယ်လွယ်နဲ့ထွက်သွားလို့မရဘူးလို့ပြောပါတယ်။
“အခုက အသက် ၂၈၊ အသက် ၃၀လောက်ကျရင် အိမ်ထောင်ရေးကို စဉ်းစားမယ်။ အသက် ၃၀ ကအစောဆုံးပေါ့။ ၃၀နဲ့ ၃၀ကျော်မှ စဉ်းစားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ့်ချစ်က မိသားစုကိုဦးဆောင်တဲ့သူဆိုတော့ လွယ်လွယ်လေးနဲ့ မိသားစုထဲက ထွက်သွားလို့မရဘူး”
“ ကိုယ်မိသားစုတခုကို ထူထောင်ချင်ပေမယ့် ကိုယ့်နောက်မှာရှိခဲ့ပြီးသား ကိုယ့်အမေ ကိုယ့်မောင်လေးအတွက်ကို ခိုင်မာမှုတွေရအောင် စိတ်ချရအောင်အများကြီးလုပ်ပေးရဦးမယ်။ ကိုယ့်အမေကိုလည်း ကျေးဇူးဆပ်နေတုန်း” လို့ အဆိုတော် အိမ့်ချစ်ကပြောပါတယ်။
အိမ်ထောင်ပြုဖို့အတွက် အသက်အရွယ်တခု သတ်မှတ်ထားပြီး မိသားစုတခုကို တည်ထောင်တော့မယ်ဆိုရင် ဝတ္တရားတွေရှိလာမှာဖြစ်တဲ့အတွက် မိဘအပေါ်မှာလျော့သွားတာမျိုး မဖြစ်ချင်ဘူးလို့ ဆိုပါတယ်။
“ဘာပဲဖြစ်ဖြစ် ကိုယ်မိသားစုကိုတည်ထောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့လင်ယောကျ်ားဝတ္တရားဆိုတာ ရှိလာမှာပဲ။ သားသမီးတွေရဲ့ဝတ္တရားဆိုတာရှိလာဦးမှာ။ ဒါတွေလုပ်ပေးရင်းနဲ့ ကိုယ့်အမေကိုမလုပ်ပေးနိုင်တော့မှာမျိုး မလုပ်ပေးဘူး ဆိုတာတော့မရှိဘူး။ အရင်ထက်စာရင် လျော့သွားတာမျိုးတွေ မဖြစ်ချင်ဘူး။ အဲ့အတွက် ကိုယ်လုပ်နိုင်တဲ့အချိန်မှာ Target ထားထားပြီးသား အသက်အရွယ်အထိအကောင်းဆုံး ကြိုးစားနေတဲ့သဘောပါ” လို့ အိမ့်ချစ်ကပြောပါတယ်။
အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါမျိုးမှာ ဘယ်လိုမျိုးကို ရွေးချယ်မလဲဆိုတာကိုတော့ အိမ့်ချစ်ကအခုလိုပြောပါတယ်။
“အိမ့်ချစ်က ဂီတကိုရပ်ပစ်လိုက်မယ့်လူမျိုးထဲမှာ မပါဘူး။ အသက်ကြီးတဲ့အထိ အဖေ့လိုပဲ အဖေဆိုရင် အသက်၅၆၊ ၅၇နှစ် အထိလုပ်နေတုန်းပဲ အိမ့်ချစ်လည်း အဲဒီအသက်အရွယ်အထိ ဆိုနိုင်တဲ့သူ တယောက်ဖြစ်ချင်တယ်။ အိမ့်ချစ် အရင်ကတည်းက ရည်ရွယ်ချက်ရည်မှန်းချက်ဆိုတော့ အနုပညာအလုပ်ကြီးကို လုံးဝရပ်ပစ်လိုက်ဖို့အစီအစဉ်မရှိဘူး။ အဲ့တော့ကိုယ့်အလုပ်မှာ နားလည်ပေးတဲ့လူတယောက်ပဲဖြစ်ရမှာပေါ့” လို့ အိမ့်ချစ်ကပြောပါတယ်။
အိမ့်ချစ်ကတော့ မကြာခင်မှာပြုလုပ်မယ့် ပြင်ဦးလွင်ပန်းပွဲတော်မှာ ပါဝင်ဖျော်ဖြေသွားဖို့ရှိပြီး မောင်ဖြစ်သူ ဂျူနီယာချစ်ကောင်းနဲ့လည်း ၂၀၂၀ သင်္ကြန်ပြီးပါက ၂ယောက်အတွဲအခွေထွက်ဖို့ရှိကာ သူမရဲ့တကိုယ်တော်အခွေကိုတော့ အောက်တိုဘာ နိုဝင်ဘာလများမှာ ထွက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။