အမေရိကန်မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ အမေဇုန် မိုးသစ်တောမှာ မီးလောင်မှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အဖွဲ့တွေကို ငွေလှူဒါန်းခဲ့တယ်ဆိုပြီး ဘရာဇီးသမ္မတ Jair Bolsonaro ရဲ့ ပြောဆိုချက်ကို ငြင်းဆိုလိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် မင်းသား လီယိုနာဒိုက “ထောက်ပံ့ဖို့ ထိုက်တန်လို့ပါ။ ပစ်မှတ်ထားပြီး အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ခဲ့တာ မဟုတ်ပါဘူး” လို့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့ Instagram အကောင့်ကနေ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပတ်စဉ် မိန့်ခွန်းမှာ သမ္မတ Bolsonaro က မင်းသား လီယိုနာဒိုဟာ အဖွဲ့တဖွဲ့ကို ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပြီး တခြားအလှူရှင်တွေကိုပါ ဆွဲဆောင်နိုင်ဖို့ ဂေဟဗေဒဆိုင်ရာ အကဲဆတ်တဲ့ သစ်တောမှာ မီးမွှေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့တာပါ။
သက်သေထုတ်ပြတာမျိုး မရှိခဲ့ပေမယ့် သမ္မတက မင်းသားဟာ တောမီးစတင်လောင်ကျွမ်းစေခဲ့တဲ့ လူတွေကို ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။ လက်ယာယိမ်း ဘရာဇီးသမ္မတက အဲ့ဒီ ပြောဆိုချက်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာပဲ ထပ်မံပြောဆိုခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ မင်းသား လီယိုနာဒိုက ပြန်လည် အစားမထိုးနိုင်တဲ့ ဂေဟဗေဒစနစ်ရဲ့ အနာဂတ်ဟာ အရေးကြီးနေပြီဆိုတာနဲ့ အဲ့ဒါတွေကို ကာကွယ်နေတဲ့ အဖွဲ့နဲ့ အတူ ရပ်တည်ရတာ ဂုဏ်ယူတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သဘာဝနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွှေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လုပ်ဆောင်နေတဲ့ ဘရာဇီးနိုင်ငံထဲက လူတွေကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကစလို့ Alter do Chao စေတနာ့ဝန်ထမ်းအဖွဲ့ဟာ မြောက်ပိုင်း ပါရာပြည်နယ်မှာ မီးလောင်ကျွမ်းမှု ကြီးမားနေတဲ့ နေရာတွေမှ ငြှိမ်းသတ်မှုတွေ လုပ်ဆောင်နေခဲ့တဲ့ မီးသတ်သမားတွေကို ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ နိုင်ငံတကာကနေ ရန်ပုံငွေ ရရှိဖို့အတွက် မီးကိုစတင်လောင်ကျွမ်းစေခဲ့တဲ့ အဖွဲ့နဲ့ အဲ့ဒီ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်တချို့နဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာပဲ အဲ့ဒီအဖွဲ့ဝင် ၄ ဦး အဖမ်းခံခဲ့ရပြီးနောက် ၂ ရက် အကြာမှာပဲ ပြန်လွတ်လာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရ အဲ့ဒီ စေတနာ့ဝန်ထမ်းတွေဟာ မင်းသား လီယိုနာဒိုအပါအဝင် နိုင်ငံတကာ လှူဒါန်းမှု ရရှိလာရေးအတွက် World Wide Fund for Nature အဖွဲ့ထံ မီးလောက်ကျွမ်းနေတဲ့ ဓာတ်ပုံတွေကို ရောင်းချဖို့ မီးလောင်ကျွမ်းစေခဲ့သူတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref: hindustantimes
You may also like these stories:
ရာသီဥတု ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို
အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တဲ့ Leonardo နဲ့ Will Smith