လူအများ မျှော်လင့် စောင့်စားနေကြတဲ့ ဒါရိုက်တာ James Cameron ရဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ရိုက်ကူးရေး လုပ်ငန်းတွေ ပြီးစီးသွားခဲ့ပြီလို့ ရုပ်ရှင်ရဲ့ တရားဝင် Twitter အကောင့်ကနေ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီရုပ်ရှင်ကို ၂၀၀၉ ခုနှစ်မှာ စတင် ရုံတင်ပြသခဲ့တာဖြစ်ပြီး အခုနှစ် ဧပြီလမှာ ရုံတင်ခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်မတိုင်ခင်အထိ သမိုင်းတလျှောက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဒုတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင်ရဲ့ အမြည်း ဗီဒီယိုကို မြင်တွေ့လိုခဲ့ကြပေမယ့် ငွေကြေး အမြောက်အများ အကုန်အကျခံထားတဲ့ အဲ့ဒီ CGI ရုပ်ရှင်ရဲ့ ရိုက်ကူးရေးတွေက လုံးဝ ပြီးစီးသွားပြီလို့သာ အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ရိုက်ကွင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး ပုံစံမှာတော့ “ပြီးစီးခဲ့ပါပြီ။ နာဗီနိုင်ငံတော်ကြီး” လို့ ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးရေး နောက်ဆုံးနေ့ဖြစ်ပြီး နောက်ဆုံး အထွဋ်အထိပ်အတွက် ဂုဏ်ယူ ဝမ်းမြောက်နေကြတာ ဖြစ်ပါတယ်။
အဲ့ဒီပို့စ်နဲ့ ပတ်သက်လို့ ပရိသတ်တဦးက မကြာခင် အမြည်းဗီဒီယို ထွက်လာတော့မှာလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာမှာတော့ မကြာခင် ထွက်မလာနိုင်သေးတဲ့အကြောင်း ပြန်လည် ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
ဒါရိုက်တာ Cameron ကတော့ “Avatar 2” ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ရုံတင်ဖို့ ကနဦးမှာ စီစဉ်ထားပေမယ့် အထူးပြုလုပ်ချက် တော်တော်များများကို ပြုလုပ်ဖို့ လိုအပ်နေသေးတာပါ။ ပြီးတော့ Twentieth Century Fox ကို Disney ထံ ရောင်းချလိုက်တဲ့အတွက်ကြောင့် လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ပြသမယ့်ရက်ကို နောက်ဆုတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
အခုရုပ်ရှင်အသစ်မှာတော့ ပထမဆုံး ရုပ်ရှင်ထဲက အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Zoe Saldana, Sam Worthington, Giovanni Ribisi နဲ့ Sigourney Weaver တို့ပြန်လည် ပါဝင်လာမှာဖြစ်သလို Kate Winslet, Michelle Yeoh, Cliff Curtis နဲ့ Edie Falco တို့လည်း ပါဝင်လာကြမှာ ဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
အမေဇုန်တော မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်များကို မင်းသား လီယိုနာဒို ငြင်းဆို
“Captain Marvel 2” မှာ Female Thor အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Natalie Portman