ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “Now And Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကနေ ရုံဝင်ငွေ သိန်းပေါင်း၂ သောင်း ၄ ထောင် ရရှိခဲ့ပြီး Central Base ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ဝင်ငွေခွန် သိန်း ၁၁၀၀ ကျော် ပေးဆောင်သွားမယ်လို့ သိရပါတယ်။
“Now And Ever ဇာတ်ကားကနေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရပါတယ်။ ကျမတို့ Production အနေနဲ့ သိန်းပေါင်း ၁ သောင်း ၁ ထောင်ရတယ်။ အဲ့ထဲကနေ ပိုက်ဆံ သိန်း ၁၁၀၀ ကျော်က Tax ထဲကို ဝင်သွားပါပြီ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပရိသတ်များနဲ့ တွေ့ဆုံခဲ့တဲ့ Fan Meeting မှာ ပြောကြားခဲ့ပါတယ်။
“ဒီလုပ်ငန်းတခုကို ပြောပြချင်တာ အနုပညာလုပ်ငန်းဆိုတာ အခွန်ဘဏ္ဍာမှာ ဘယ်လောက် အကျိုးရှိလဲဆိုတာ သိစေချင်တယ်။ စင်ကာပူက ပရိသတ်တွေဆိုလည်း အရမ်းဝန်းရံခဲ့တယ်။ အဲ့စင်ကာပူကရတဲ့ ပိုက်ဆံလည်း အခွန်ကို မှန်မှန်ကန်ကန် ပြတယ်၊ ဆောင်တယ်။ အကျိုးရှိတာတွေ ပြန်လုပ်ခဲ့ရတယ်ဆိုတာလည်း သိစေချင်တယ်”
“လုပ်ငန်းရဲ့သဘောအရ ကျယ်ပြန့်ရင် ကျယ်ပြန့်သလို အားပေးရင် အားပေးသလို Tax တွေ အများကြီး ရလာမယ်။ ကျမတို့ကိုမှ မဟုတ်ဘူး။ အနုပညာရှင်အကုန်လုံးကို ဒီလုပ်ငန်းတွေ အကုန်လုံး ကျယ်ပြန့်အောင်ပေးမယ်ဆိုရင် တိုင်းပြည်မှာ ဘယ်လောက်အကျိုးရှိလဲ သိစေချင်တယ်။ ကျမတို့လို နိုင်ငံမျိုးမှာ အခွန်က အရမ်းအရေးကြီးတယ်။ အားပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်း သရုပ်ဆောင် ဇဏ်ခီကလည်း “Now And Ever” ဇာတ်ကားအတွက် လုပ်တဲ့အရာမှန်သမျှ လိပ်ပြာလုံတယ်လို့ ဆိုပါတယ်။
“Now And Ever ရုပ်ရှင်အတွက် လုပ်တဲ့အရာမှန်သမျှ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတယ်။ ကျနော်တို့ အမှန်ကန်ဆုံးဖြစ်အောင် အမြဲလုပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်တယ်။ ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းတခု ရောက်ဖို့ ဟိုးကနဦးကတည်းက ကြိုးစားခဲ့တာပါ။ ညအိပ်ရင် လိပ်ပြာသန့်သန့်နဲ့ အိပ်လို့ ရတယ်။ ကျနော်တို့ လုပ်စရာရှိတာတွေလည်း လုပ်ရမှာပေါ့။ ပြောချင်တဲ့သူက ပြောမှာပဲ။ ကျနော်တို့က အကုန်လိုက်နားထောင်နေလို့ မရဘူး။ မှန်မှန်ကန်ကန်လုပ်ဖို့ပဲ အရေးကြီးပါတယ်”လို့ ဇဏ်ခီက ပြောပါတယ်။
“Now & Ever” ရုပ်ရှင်ကတော့ ဇဏ်ခီရဲ့တတိယမြောက် ဇာတ်ညွှန်းဖြစ်ပြီး “ဥပါယ်တံမျဉ်” နဲ့ “သီတာ” ဆိုတဲ့ ဇာတ်ညွှန်းများလည်း ရေးသားထားပါတယ်။ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့က စတင် ရုံတင်ပြသခဲ့ပြီး လက်ရှိမှာလည်း ရုံတင်ပြသဆဲပါ။ ဒီကားမှာတော့ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မင်းညို၊ ဂျူဂျူးကေ၊ ခင်သဇင်နဲ့ အခြားသရုပ်ဆောင်များ ပါဝင်ထားပါတယ်။
You may also like these stories:
“အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုကို ပိုပြချင်တာ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ပြော
လက်တွေ့ဘဝမှာ ရှိတာလေးနဲ့ ကြိုးစားပြီး ပျော်အောင်နေတဲ့ ပိုင်ဖြိုးသု