Entertainment

နာမည်ကျော် ဒါရိုက်တာတွေ ခေါ်မသုံးလို့ တက်သစ်စတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ Akshay Kumar

နာမည်ကျော် ဘောလိဝုဒ်မင်းသား အရှေးကူမား (Akshay Kumar) က ဒါရိုက်တာ အသစ်တွေနဲ့သာ အလုပ်တွဲလုပ်ရတဲ့ အကြောင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“နာမည်ကြီး ဒါရိုက်တာတွေက သူတို့ရဲ့ ရုပ်ရှင်တွေမှာ ကျနော့်ကို ခေါ်မသုံးလို့ ဒါရိုက်တာအသစ်တွေနဲ့ပဲ ကျနော် အလုပ်လုပ်ရတာပါ။ ဒါဟာ အမှန်တရားပါ” လို့ မင်းသားက မကြာခင် ရုံတင်တော့မယ့် သူပါဝင်ထားတဲ့ “Good Newwz” ရုပ်ရှင် မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူ ဖြစ်တဲ့ Karan Johar က မင်းသားဟာ တက်သစ်စ ဒါရိုက်တာတွေနဲ့ အလုပ်လုပ်တဲ့ အနုပညာရှင်တဦးဖြစ်ကြောင်း ပြောကြားခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ မင်းသားရဲ့ အခုလိုမှတ်ချက်စကား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

“နာမည်ကြီးသူတွေက ကျနော့်ကို သူတို့ရဲ့ ရုပ်ရှင်တွေမှာ ခေါ်မသုံးတဲ့အခါ ကိုယ့်လမ်းကိုယ် စတင်ရပါတယ်။ နာမည်ကျော်တွေနဲ့အတူ အလုပ် မလုပ်ရဘူးဆိုရင် နာမည်ငယ်သေးတဲ့သူတွေနဲ့ ဖြတ်သန်းရပါမယ်။ အဲ့ဒီကနေ ခုန်ချရပါမယ်။ အိမ်မှာပဲ ထိုင်နေပြီး ကိုယ်က လုပ်နိုင်စွမ်းရှိနေတာတောင် လူတွေက ဘာကြောင့် ငါ့ကို မခေါ်ကြတာလဲ ဆိုပြီး အံ့သြမနေနိုင်ပါဘူး”လို့ မင်းသားက ဆိုပါတယ်။

နာမည်ကြီး ဒါရိုက်တာတွေက “ခန်” နာမည်ပါတဲ့ မင်းသားတွေနဲ့သာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့ အကြောင်းကိုလည်း “နာမည်ကြီး ဒါရိုက်တာတွေက ထိုက်တန်တဲ့သူတွေဆီကိုပဲ သွားပါတယ်။ ခန် နာမည်ပါတဲ့ မင်းသားတွေဆီကိုသာ သွားတာ မဟုတ်ပါဘူး။ ကပူးရ် နာမည်ပါတဲ့ မင်းသားနဲ့ တခြားမင်းသားတွေဆီလည်း သွားပါတယ်။ ကျနော်က မထိုက်တန်ဘူးလို့ ယူခဲ့တာပါ။ ဒါကြောင့် ကိုယ့်လမ်းကိုယ် ဖောက်ခဲ့တာပါ”လို့ မင်းသားက ဆိုပါတယ်။

နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာက သူ့ရဲ့ရုပ်ရှင်တွေကို ကိုယ်တိုင် ထုတ်လုပ်နေရင်တောင် သူ့ကို ခေါ်ရိုက်မှာ မဟုတ်ဘူးလို့ မင်းသားက ဆိုပါတယ်။

“ကျနော့်နဲ့ ရိုက်ကူးမယ့် နာမည်ကြီး ဒါရိုက်တာတွေ အခုအထိ မရှိပါဘူး။ သူတို့တွေက ကျနော်နဲ့အတူ ရုပ်ရှင်တွေကို ထုတ်လုပ်နေနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေက ကျနော့်ကို ခေါ်ရိုက်မှာ မဟုတ်ပါဘူး။ မစ္စတာ Karan Johar က ဟိုမှာ ရှိနေပါတယ်။ သူ့ကို သွားမေးသင့်ပါတယ်”လို့ မင်းသားက ဆိုပါတယ်။

မင်းသား ပါဝင် သရုပ်ဆောင်ထားတဲ့ “Good Newwz” ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဟာသဇာတ်မြူး ရုပ်ရှင်မှာ သူနဲ့ အတူ မင်းသမီး ကရီနာကပူးရ် (Kareena Kapoor) လည်း ပါဝင်ထားပါတယ်။

Ref: hindustantimes

You may also like these stories:

Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားစာရင်းမှာ Dwayne Johnson ဦးဆောင်

Loading