ဆယ်စုနှစ်တာအတွင်း အွန်လိုင်းပေါ်ကနေ ပရိသတ် နားထောင်မှု အများဆုံး အနုပညာရှင်အဖြစ် အဆိုတော် Drake ကို သတ်မှတ်လိုက်တယ်လို့ Spotify က ကြေညာခဲ့ပါတယ်။ “God’s Plan” အဆိုတော် Drake ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ အကောင်းဆုံး Rap သီချင်းဆုကို ရရှိခဲ့ပြီးတဲ့နောက် တနှစ်လုံးမှာ ထိပ်ဆုံးနေရာတွေကို ရယူပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုတော် Ed Sheeran ကတော့ ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်ကာလအတွင်း Spotify ရဲ့ နားထောင်ခံရမှု အများဆုံး အနုပညာရှင်စာရင်းမှာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။ အဆိုတော် Post Malone ကတော့ အခုနှစ်အတွင်း ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့ နားထောင်မှု အကြိမ်ရေ ၆ ဒဿမ ၅ ဘီလီယံကျော်ရရှိပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။
အဆိုတော် Ariana Grande ကတော့ ဆယ်စုနှစ်တာအတွက် နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။ သူဟာ Rihanna, Taylor Swift, Sia နဲ့ Beyoncé စတဲ့ အမျိုးသမီး အနုပညာရှင်တွေကို ကျော်တက်ပြီး အခုလိုမျိုးနေရာမှာ ရပ်တည်နေနိုင်ခဲ့တာပါ။ သူ့ရဲ့ “Sweetener” နဲ့ “Thank U, Next” တွေကလည်း ပရိသတ် နားထောင်မှု အများဆုံး သီချင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာကျော် Rap အဆိုတော် Eminem ကတော့ ဆယ်စုနှစ်တာစာရင်းရဲ့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။ ဆယ်စုနှစ်တာ ကာလအတွက် နာမည်အကျော်ကြားဆုံး သီချင်းကတော့ အဆိုတော် Ed Sheeran ရဲ့ “Shape of You” သီချင်းဖြစ်ပြီး သူရဲ့ အနောက်မှာတော့ Drake ရဲ့ “One Dance” သီချင်း ရှိနေပါတယ်။
တခြား နာမည်ကျော် သီချင်းတွေထဲမှာ အဆိုတော် Post Malone ရဲ့ “Rockstar”သီချင်း၊ The Chainsmokers ရဲ့ “Closer” သီချင်းနဲ့ အဆိုတော် Sheeran ရဲ့ “Thinking Out Loud” သီချင်းတို့က ဆက်တိုက် ရပ်တည်နေပါတယ်။
အဆိုတော် Post Malone ကတော့ ၂၀၁၉ ခုနှစ်အတွက် ပရိသတ် နားထောင်မှု အများဆုံး အနုပညာရှင် ဖြစ်ပါတယ်။ အဆိုတော်မလေး Billie Eilish က ဒုတိယနေရာမှာ ရှိနေပြီး သူတို့ရဲ့ အနောက်မှာ Grande, Sheeran နဲ့ Bad Bunny တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ထွက်ရှိခဲ့တဲ့ Camila Cabello နဲ့ Shawn Mendes တို့ရဲ့ “Señorita” စုံတွဲတေးက ၂၀၁၉ ခုနှစ်အတွက် နားထောင်မှု အများဆုံး သီချင်း ဖြစ်ခဲ့ပါတယ်။ Eilish ရဲ့ “Bad Guy” သီချင်းက ဒီနှစ်အတွက် ဒုတိယ နာမည်အကြီးဆုံး သီချင်း ဖြစ်ပါတယ်။
အဲ့ဒီစာရင်းတွေကတော့ အခုနှစ်နဲ့ ဆယ်စုနှစ်တာ ကာလအတွက် ထိပ်တန်း ဖျော်ဖြေ တင်ဆက်သူတွေကို စာရင်းပြုစု ဖော်ပြထားတဲ့ Spotify ရဲ့ 2019 Wrapped စာရင်း တစိတ်တပိုင်း အဖြစ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ရလဒ်တွေကို Spotify ရဲ့ ကမ္ဘာတဝန်းက ပရိသတ် ၂၈၄ သန်းရဲ့ နားထောင်မှု ပုံစံတွေကနေ ကောက်ယူထားတာ ဖြစ်ပါတယ်။
Ref: CNN
You may also like these stories:
ဇနီးနဲ့ မိသားစု တည်ဆောက်ဖို့ အချိန် ၁ နှစ်ခွဲလောက် ဖျော်ဖြေပွဲတွေ ရပ်နားမယ့် Ed Sheeran
EXO အဖွဲ့ဝင်အသစ် ဖြစ်ပြီလို့ အရွှန်းဖောက် ပြောဆိုခဲ့တဲ့ မင်းသား Ryan Reynolds