မြန်မာနိုင်ငံမှ လူငယ်အမျိုးသားများဖြင့် ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားနိုင်ငံမှ သမ္မတနဲ့ တွေ့ဆုံချိန်မှာ ကိုရီးယားနိုင်ငံသို့ ခေါ်ယူ လေ့ကျင့်သင်ကြားပေးရန် ပြောကြားခဲ့တာကြောင့် Project K အနေနဲ့ အဆပေါင်းများစွာကြိုးစားဖို့ တာဝန်တခု ဖြစ်သွားခဲ့တယ်လို့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဘုန်းနေမင်းက ပြောပါတယ်။
“ကျနော်တို့ အဆပေါင်း တထောင် တသောင်းမက ကြိုးစားဖို့အတွက် တာဝန်ကြီးတခုလို ဖြစ်သွားတယ်။ အမေစု ချီးကျူးတယ်ဆိုကတည်းက ကျနော်တို့အနေနဲ့ တာဝန်ပိုရှိတယ်လို့ ခံစားမိတာပေါ့။ အဓိကက ကိုယ်ကျိုးအတွက် မဟုတ်ဘဲနဲ့ နိုင်ငံ့အကျိုးအတွက်ပါ ငါတို့ထည့်စဉ်းစားမှ ရတော့မယ်ဆိုတဲ့ စိတ်မျိုးလည်း ဝင်လာတာပေါ့” လို့ ဘုန်းနေမင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၅ ရက်နေ့၊ အာဆီယံ – ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင် – ကိုရီးယား ထိပ်သီးအစည်းအစည်းအဝေးများကို တက်ရောက်ကာ ASEAN – ROK Culture Innnovation Summit မှာ Growing With Art ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောရာမှာလည်း သူမက Project K ရဲ့ ပရိသတ်ဖြစ်တယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံချိန်တွင် Project K အဖွဲ့ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်ပေးရန် ပြောခဲ့တယ်လို့ Arirang ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။
“ပျော်တာပေါ့။ ကျနော်တို့ တနိုင်ငံလုံးက လေးစားရတဲ့အမေစုက ကျနော်တို့ Project K ကို သူ့ရဲ့ပါးစပ်က ထွက်လိုက်တာနဲ့တင်ကို ပျော်နေတာဆိုတော့ အခုလိုပြောတော့ ပိုဝမ်းသာတာပေါ့။ အတိုင်းမသိပျော်တာပေါ့” လို့ ဘုန်းနေမင်းက ပြောပါတယ်။
ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်က Project K အဖွဲ့အား မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ကပြဖျော်ဖြေတာကို သဘောကျတဲ့အတွက် ဆက်လက် ထိန်းသိမ်းသွားပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကြိုးစားဖို့အတွက် ခေါ်ယူတွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့ပါတယ်။

“အရင်က ခေါ်တွေ့တယ်ဆိုတာက ကျနော်တို့လူငယ်တွေ မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြတဲ့အနေနဲ့ ကပြတာကို သဘောကျတယ်၊ ဒါကိုဆက်လက်ထိန်းသိမ်းဖို့ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် အားပေးတာပါ။ ကျနော်တို့ကတော့ ကြိုးစားနေတာပေါ့။ နိုင်ငံတကာကို ဖောက်ဖို့ အနည်းဆုံးတော့ အာရှထိကိုထိုးဖောက်နိုင်ဖို့အတွက် ကျနော်တို့အဖွဲ့ က ကြိုးစားနေတယ်” လို့ ဘုန်းနေမင်းက ပြောပါတယ်။
လိုအပ်ချက်တွေရှိနေသေးပေမယ့် အတတ်နိုင်ဆုံး ဒေါ်အောင်ဆန်းစုကြည် ပေးတဲ့နေရာနဲ့ တန်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“လိုအပ်ချက်ကတော့ ကျနော်တို့မှာ အများကြီး ရှိပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားသွားဖို့ စဉ်းစားထားပါတယ်။ သေချာတာကတော့ အမေစုပေးတဲ့ နေရာနဲ့ တန်အောင် ကြိုးစားသွားမှာပါ” လို့ ဘုန်းနေမင်းက ပြောပါတယ်။
Project K အဖွဲ့ကတော့ ဒီဇင်ဘာလအတွင်းမှာလည်း Fan Meeting ပြုလုပ်သွားဖို့ရှိပြီး ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်အောင် ရှေ့ဆက်ကြိုးစားမယ့် Project K အဖွဲ့