မင်းသား Joaquin Phoenix ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Psychological Thriller အမျိုးအစား “Joker” ရုပ်ရှင်ဟာဆိုရင် အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့ပါတယ်။
Joker ရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာအဖြစ်ရော ဇာတ်ညွှန်းရေးသားသူ အဖြစ်ပါ ကိုင်တွယ်ခဲ့တဲ့ Tod Phillips ဟာ နောက်ဆက်တွဲရုပ်ရှင် ၂ ကား (Trilogy) အထိ ဆက်လက် ရိုက်ကူးဖို့ လတ်တလောမှာ သတင်းတွေ ထွက်ပေါ် နေတာဖြစ်ပြီး Joker ရုပ်ရှင်ရဲ့ လှုပ်လှုပ်ခတ်ခတ် အောင်မြင်မှုကြောင့်ပဲ DC Universe ရဲ့ တခြားသော ဇာတ်ကောင် တွေ အတွက်ပါ ထပ်ဆင့် ထုတ်လုပ်ပြသသွားဖို့ ဦးတည်နေပါတယ်။
ဒါကြောင့်ပဲ Warner Bros. အနေနဲ့ လာမယ့် ရုပ်ရှင်တွေဖြစ်တဲ့ “Joker 2” ဒါမှမဟုတ် “Joker 3” မှာ စူပါမန်းနဲ့သူရဲ့ အဓိက နာမည်ကျော်ဗီလိန် Lex Luthor တို့ကို ထည့်သွင်းဖို့ စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။
Warner Bros. ဘက်က အစောပိုင်းကာလတွေတုန်းက အတိအလင်း ဖွင့်ဟခဲ့ဖူးတာကတော့ Joker ရုပ်ရှင်လိုပဲ Lex Luthor တကိုယ်တော် ရုပ်ရှင်ထုတ်လုပ်ဖို့ ရှိတယ်ဆိုပေမယ့် အခုချိန်ထိ ရုပ်ရှင်နဲ့ ပတ်သက်လို့ ဘာသတင်းမှ အတိအကျ မသိရသေးပါဘူး။
The Hollywood Reporter မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရတော့ Joker ဒါရိုက်တာ Tod Phillips ဟာ Warner Bros ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတခု ပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ DC ရဲ့ထင်ရှားတဲ့ ဗီလိန် ဇာတ်ကောင်တွေကို ကိုင်တွယ်ခွင့်ရရှိဖို့ ညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Lex Luthor ရဲ့ ဇာတ်ကောင်စရိုက်ဟာ Joker ရုပ်ရှင်မှာ ထည့်သွင်းဖို့ အခက်အခဲ မရှိတဲ့အပြင် တကယ်လို့များ အခုထွက်ပေါ်နေတဲ့ သတင်းတွေသာ အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ စူပါမန်း၊ Joker နဲ့ Lex Luthor တို့ ဆက်စပ် ပါဝင်နေတဲ့ Joker နောက်ဆက်တွဲရုပ်ရှင်ကို ကြည့်ရှုကြရတော့မှာပါ။
Joker နောက်ဆက်တွဲရုပ်ရှင်တွေမှာ အရွယ်ရောက်လာပြီဖြစ်တဲ့ Bruce Wayne ကို Batman အဖြစ် တွေ့မြင်ရနိုင်မှာ ဖြစ်ပေမယ့် လူအများ သိရှိထားကြတဲ့ Robert Pattison ရဲ့ Batman မဟုတ်တာတော့ အသေအချာပါပဲ။ Joker နဲ့အတူ DC ရဲ့လူသိများတဲ့ ဗီလိန်ဇာတ်ကောင်တွေဟာ နောင်တချိန်မှာ ပိတ်ကားပေါ် တစုတစည်းတည်း ရောက်ရှိလာကြတော့မယ်ဆိုတာ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Superman ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ လက်မလျှော့ချင်သေးတဲ့ မင်းသား Henry Cavill
ရိုက်ကွင်းကနေ အမြဲတမ်း တူယူလာတဲ့ Chris Hemsworth ကြောင့် ဇနီးဖြစ်သူ စိတ်ညစ်နေရ