ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးထားပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ကမ္မဖလ” ရုပ်ရှင်ကားကြီးဟာ ရိုက်ကူးနေစဉ် ရိုက်ကွင်းပုံရိပ်များ ထွက်ပေါ်ခဲ့တဲ့အပေါ် ဝေဖန်ခံရတာတွေ ရှိပေမယ့် အကုန်လုံးက အတတ်နိုင်ဆုံး ကြိုးစားထားကြတယ်လို့ သရုပ်ဆောင် စိုးပြည့်သဇင်က ပြောပါတယ်။
“စိုးပြည့်တို့က ဒါက ရိုက်ကွင်းပေါ့နော်။ တချို့ရိုက်ကွင်းပုံလေးတွေ ကျတော့လည်း ပရိသတ် အမြင်မှာ တမျိုး မြင်သွားစေတာလည်း ရှိတာပဲ။ တကယ့် ရုပ်ရှင် ထွက်လာတဲ့အခါမှာလည်း စိုးပြည့်တို့အကုန်လုံး အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။
ဒီထဲမှာတော့ စိုးပြည့်သဇင်က “အသန့်” ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားပြီး သူမအနေနဲ့ ခေတ်တခေတ်မှာ ပါဝင်တဲ့ ဇာတ်ကောင်တခုဖြစ်တယ်လို့ သိရပါတယ်။
“စိုးပြည့် ကာရိုက်တာကတော့ ဟိုဘက်ခေတ်ပေါ့နော်။ ဒီထဲမှာ မမိုးဟေကိုလည်း ပါတယ်။ မအေးမြတ်သူလည်း ပါတယ် ဆိုတော့ စိုးပြည့်ကကျတော့ ခေတ်တခု ရှိတယ်။ မအေးမြတ်သူဆိုရင် စိုးပြည့်ရဲ့အရှေ့ခေတ်ပေါ့နော်။ စိုးပြည့်ကကျတော့ မှန်ဇာလို ဝတ်စုံလေးတွေ ဝတ်ရတယ်”
“ဒါတွေအကုန်လုံးကတော့ ဆရာ ပန်းချီစိုးမိုးကနေ ပြီးတော့ ဇာတ်ကောင်စရိုက်ကို ပြကတည်းက အဝတ်အစားရော အပြင်အဆင်ရော ဘယ်လိုပြင်ရမလဲဆိုတာကို ကြိုပြီး စီစဉ်ရတာပေါ့” လို့ စိုးပြည့်သဇင်က ပြောပါတယ်။
ဒီကားထဲမှာတော့ အိုက်တင်တွေ အရမ်းကြီးမလုပ်ရဘဲ ဒိုင်ယာလော့ပေါ် မူတည်ပြီး လုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
“အရမ်းကြီးကို အိုက်တင်ကို လုပ်ရတာတော့ မဟုတ်ဘူးပေါ့။ သုံးနှုန်းတဲ့ ဒိုင်ယာလော့မှာက တချို့ဆိုရင် ရှေးခေတ်က ပြောဟန်လေးတွေ ရှိတယ်။ အဲ့အပေါ်မှာ မူတည်ပြီးပြောရင်တော့ အဲ့ဘက်ကို ရောက်တယ်။ ဒိုင်ယာလော့ပေါ် မူတည်ပြီး ကြိုးစားထားပါတယ်” လို့ စိုးပြည့်သဇင်က ပြောပါတယ်။
“ကမ္မဖလ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက်လည်း စိုးပြည့်သဇင်က ခေါင်းတုံးအတုနဲ့ မရိုက်ချင်တဲ့အတွက်လည်း မယ်သီလရှင် ဝတ်ခဲ့ပါသေးတယ်။
ဒီကားကိုတော့ နောက်လထဲမှာ ရုံတင်ပြသမှာဖြစ်ပြီး စိုးပြည့်သဇင်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားများ ရုံမတင်တာကြာပြီ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ သိရပါတယ်။
“စိုးပြည့်က ကားတကားတင်တိုင်း ရင်ခုန်ပါတယ်။ ဒီကားက ကိုယ့်ကိုတာဝန်ပေးရင် အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်တော့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ကားတကား ရုံတင်တဲ့အခါမှာ ကိုယ်လုပ်ထားတာ အဆင်ပြေမှု ရှိလား၊ မရှိဘူး ဒါလေးတွေလည်း စိတ်ပူပန်ပါတယ်။ ရင်ခုန်ပါတယ်” လို့ စိုးပြည့်သဇင်က ပြောပါတယ်။
“ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းမော်ကွန်း၊ ပြေတီဦး၊ ဇင်ဝိုင်း၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ အေးမြတ်သူ ၊ စိုးပြည့်သဇင်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“မြန်မာ့ရိုးရာ သင်္ကြန်မှာ မြန်မာ ဝတ်စုံတွေ ဝတ်နိုင်ရင် အကောင်းဆုံးပေါ့”
“ဇနီးချောများ ကွန်ယက်အတွက် မြန်မာဝတ်စုံ ရာချီ ချုပ်ဝတ်ဖြစ်တယ်”ဆိုတဲ့ စိုးပြည့်သဇင်
“အဖေဟာ ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်”လို့ ဆိုတဲ့ စိုးပြည့်သဇင်