ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ နှစ်ဦး တွဲဖက် ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ဖူးတဲ့ ကားတွေထဲမှာ အပင်ပန်းဆုံး၊ စိတ်အကျေနပ်ဆုံး အကြိုက်ဆုံး ဇာတ်ကားလို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော် အရမ်းစိတ်လှုပ်ရှားတယ်။ သားအတွက်၊ Big 5 အတွက် ၉လ လုံး နေ့ရော ညရော လုပ်ခဲ့ရတဲ့ ကား။ ချင်းတောင်ကြီးအတွက်၊ ကိုရီးယားတွေအတွက် ၊ မြန်မာနိုင်ငံရှုခင်းတွေအတွက် အရမ်းရင်ခုန်နေတယ်။ အမှတ်တရတွေလည်း အများကြီးပါပဲ။ မိုးရွာထဲမှာ စောင့်ပြီးရိုက်ရတာတွေ ရှိတယ်။ တောထဲ ခွေးအတွေ လာတာတွေ အများကြီး ရှိတယ်”
“ကျနော်တို့ကတော့ အပြောင်းအလဲ တခုကိုကြိုးစားတာပေါ့။ ကျန်တာတော့ ပရိသတ် ဆုံးဖြတ်ပါလိမ့်မယ်။ ကာလာစနစ်ကို ကြည့်ပါ။ အသံတွေ ဆက်တင်တွေကို ကြည့်ပါ။ အိုက်တင်တွေကို ကြည့်ပါ။ ဇာတ်ညွှန်း ဒိုင်ယာလော့တွေကို ကြည့်ပါ။ ဇာတ်သိမ်းကို ကြည့်ပါ။ ကျနော်တို့ ထူးခြားစွာ ဆောင်ရွက်ထားပါတယ်”လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။
သားဖြစ်သူနဲ့ အတူ လက်တွဲပြီး ဇာတ်ကားရိုက်ကူးရတဲ့ အမှတ်တရနဲ့ ပတ်သက်လို့လည်း စင်ရော်မောင်မောင်က အခုလိုပဲ ဆိုပါတယ်။
“သားနဲ့လည်း တော်တော် ညှိယူရတယ်။ အပြောင်းအလဲတွေ အများကြီး ပြောင်းလဲရတယ်။ သားကိုချစ်တဲ့ စိတ်ရယ်၊ မှန်ကန်တဲ့ အသိအတတ်ပညာရယ်ကြောင့် ၇၀ ရာခိုင်နှုန်း ပြောင်းလဲသွားတယ်။ မင်းသန့်က အဖေထက် သွေးကြီးတယ်။ အဖေထက် ပိုက်ဆံ ပိုသုံးတယ်။ ဇွဲကြီးတယ်။ အဖေကိုလည်းရအောင် နားချတယ်။ ချော့ပြောတယ်၊ ခြောက်ပြောတယ်။ နောက်ဆုံးတော့ ကျနော် လက်လျှော့ရတာပါပဲ”
“ရိုက်ဖူးတဲ့ ကားတွေထဲမှာ အပင်ပန်းဆုံး စိတ်အကျေနပ်ဆုံး အကြိုက်ဆုံး ကားလို့ပြောရမယ်ဆိုရင်တော့ တိမ်တွေပေါ်ကပန်း ဇာတ်ကားပါ ”လို့ စင်ရော်မောင်မောင်က ပြောပါတယ်။
“တိမ်တွေပေါ်ကပန်း” ဇာတ်ကား ရိုက်ကူးချိန် အခက်အခဲတွေ ရှိတယ်ဆိုတဲ့ မင်းသန့်မောင်မောင်ကလည်း ပထမဆုံး ဇာတ်ကား ရုံတင်တော့မှာမို့ စိတ်လှုပ်ရှားတယ်လို့ ဆိုပါတယ်။
“တိမ်တွေပေါ်ကပန်း ဇာတ်ကား စမယ်ဆိုတော့ အဖေက ကျနော့်ကို အခွင့်အရေး စပေးခဲ့တယ်။ ကျနော် ကားလေး ကြည့်ချိန်မှာ လိုအပ်ချက်တွေလည်း ရှိတယ်လို့ ထင်တယ်။ ရုံတင်ပြသတော့မှာဆိုတော့ စိတ်တော့ လှုပ်ရှားပါတယ်။ ဒီကားမှာ အခက်အခဲတွေလည်း ရှိပါတယ်။ ကျနော်တို့ ကိုရီးယားရော၊ ချင်းတောင်ရော သွားရောက် ရိုက်ထားပါတယ်”
“အခုရနေတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်။ ဒီထက်လည်း ပိုပြီး မလိုချင်ပါဘူး။ မိဘနှစ်ပါးကိုလည်း ညီညီမျှမျှပဲ ချစ်ပါတယ်။ ကျနော့်ကို ဒီဘဝလေးအတိုင်း ပေးတဲ့အတွက် ကျနော် ကျေနပ်ပါတယ်။ မိဘတွေက ကျနော့်ကို ခွန်အားပေးပြီး ပညာတွေ၊ ချစ်ခြင်းမေတ္တာတွေ ပေးနေရင်ကို ကျေနပ်ပါတယ်။ အဖေ အမွေတွေ လွှဲပေးမယ် ပြောပါတယ်။ အရမ်းစောပါသေးတယ်”
“ဒါပေမယ့် အဖေ့ ကျန်းမာရေးကြောင့် အဖေ့နေရာ ယူရင် ယူရတော့မှာ။ အဖေ့နေရာတော့ လိုချင်လို့ မဟုတ်ပါဘူး။ ကူညီပေးချင်လို့ ပေးမှာကို လက်ခံဖြစ်တာပါ။ အဖေနဲ့ဆို လူကြီးဆန်တယ်။ အမေနဲ့ဆို ကလေးဆန်တယ် ”လို့ မင်းသန့်မောင်မောင်က ပြောပါတယ်။
“တိမ်တွေပေါ်ကပန်း” ဇာတ်ကားကတော့ မိုးနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ ကိုရီးယားမင်းသား Ryu Sang Wook၊ မေသန်းနုနဲ့ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“တိမ်တွေပေါ်က ပန်း” ကို ချင်းတောင်မှာ ခက်ခဲစွာ ရိုက်ကူးခဲ့ရတယ်လို့ စင်ရော်မောင်မောင် ပြော
ချင်းတောင်မှာ ရုပ်ရှင် ရိုက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့ မင်းသန့်မောင်မောင်
“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကပေးတဲ့ Message က အများကြီးတန်ဖိုးရှိတယ်လို့ ဝတ်မှုံရွှေရည် ပြော