Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ပြီး ပထမဆုံး ယှဉ်ပြိုင်တဲ့ အပတ်မှာတင် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ပြိုင်ပွဲဝင် ခြူးစစ်ဟန်ကတော့ Myanmar Idol မှာ Wild Card ပြန်ခေါ်တဲ့အခါ ပြိုင်ပွဲကို ပြန်ပါလာပါက သူမအနေနဲ့ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ချင်သေးတယ်လို့ ဆိုပါတယ်။
“ဒီ Wild Card ကအခု Top 5 ပြီးရင် ပြန်ခေါ်တော့မှာပေါ့နော်။ ရှေ့မှာလည်း သူငယ်ချင်းတွေ အများကြီးရှိတယ်။ နောက် Voting စနစ်နဲ့ သွားရမှာဆိုတော့ ကိုယ်တိုင်လည်း ပြန်ခေါ်ခံရသည်ဖြစ်စေ၊ သူငယ်ချင်းတွေ ပါသွားသည်ဖြစ်စေ။ အားပေးနေမှာပါ။ ပြန်ခေါ်ခံရရင်လည်း အကောင်းဆုံး ပြန်ကြိုးစားမှာပါ။ အရည်အချင်းလေးတော့ ချပြချင်သေးတယ်”လို့ ခြူးစစ်ဟန်က ပြောပါတယ်။
“ပြန်မခေါ်ခံရရင်လည်း အနုပညာနဲ့ ပတ်သက်ပြီး အများကြီး လုပ်သွားမယ်။ Voting စနစ်ကို ဘယ်လိုမြင်လဲဆို ပရိသတ် ချစ်ခင်မှု၊ အားပေးမှု ရတဲ့ ပြိုင်ပွဲဝင်ကတော့ နေရာတနေရာ ရမှာပဲ။ ပရိသတ် ချစ်ခင်မှုက အရေးကြီးတယ်။ ဝေဖန်မှုတွေတော့ သိပ်တော့ မသိဘူး။ နားမလည်ဘူး။ ကိုယ်တိုင်က ကြိုးစားနေရင် နေရာတနေရာ ရမှာပဲပေါ့”
“Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံး ချပြနိုင်မယ်ဆိုရင် နေရာ တနေရာရမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိုးစားဖို့ပဲ လိုပါတယ်”လို့ ခြူးစစ်ဟန်က ဆိုပါတယ်။
ခြူးစစ်ဟန်က ဂီတနဲ့ ပတ်သက်ပြီး “Now And Ever” ဇာတ်ကားမှာ “ဖြတ်လိုက်တော့” သီချင်းကို ပါဝင်သီဆိုထားသလို ဒီသီချင်းကိုလည်း ပရိသတ်တွေက အားပေးကြတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ခြူး ရှေ့ဆက်လည်း ကြိုးစားသွားမယ်။ အခုရုံတင်နေတဲ့ Now And Ever ကားမှာလည်း သီချင်းလေး ဆိုထားတယ်။ ပရိသတ်တွေ အားပေးကြလို့ အရမ်းလည်း ဝမ်းသာတယ်။ မခရစ္စတို့၊ ကိုဇဏ်ခီတို့ ဒီသီချင်းဆိုဖို့ ကမ်းလှမ်းတာလည်း ကျေးဇူးတင်တယ်။ အရမ်းလည်း ဝမ်းသာတယ်။ ညီမ အဲ့သီချင်းကို ၂ ရက်နဲ့ ကိုဇဏ်ခီ လမ်းညွှန်မှုအောက်မှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့အတွက် ပရိသတ်တွေ အားပေးတာ အရမ်းဝမ်းသာတယ်”
“ဒီရက်ထဲမှာလည်း သီချင်းလေးတပုဒ် Music Video ရိုက်ဖို့ လုပ်နေပါတယ်။ အဲ့သီချင်းလေးကလည်း ညီမဆိုနေကျအတိုင်း Blue အမျိုးအစားဘက်ကိုပဲ သွားမှာပါ။ အဲ့သီချင်းလေးလည်း ချပြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ Blue သီချင်းဆိုတဲ့သူက နည်းတယ်။ Pop တို့၊ Rock တို့ ဆိုတဲ့သူက များတယ်။ ခြူး သူများနဲ့ မတူအောင် Blue ဘက် ခွဲထွက်ပြီး ဆိုတဲ့သူဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ”လို့ ခြူးစစ်ဟန်က ပြောပါတယ်။
ခြူးစစ်ဟန်ဟာ ၂၀၁၅ ခုနှစ်က Miss Face of Beauty ဆုနဲ့ Miss Goldenland Myanmar ဆုရရှိထားသူ တယောက်လည်း ဖြစ်သလို “ဥပါယ်တံမျဉ်” ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။
You may also like these stories:
“Myanmar Idol ခရီး ပြီးဆုံးသွားပေမယ့် အနုပညာခရီး အခုမှ စမှာပါ”လို့ တန်ခွန်ကျော် ပြော
အဆိုတော် သာဒီးလူရဲ့ စကားတခွန်းကြောင့် အလူးအလဲ ခံစားခဲ့ရတဲ့ နေလင်းကျော်
ဒီနှစ် Myanmar Idol Winner က မိန်းကလေးအဆိုရှင် ဖြစ်လာမှာလား