ကမ္ဘာတဝန်းအထိ ထိုးဖောက်နေပြီဖြစ်တဲ့ BTS အဖွဲ့ဟာ နှစ်စဉ်ကျင်းပမြဲ K-pop ဆုပေးပွဲကြီးဖြစ်တဲ့ Mnet Asia Music Awards မှာ “အကောင်းဆုံး အမျိုးသား အဖွဲ့လိုက်ဆု”၊ တနှစ်တာအတွက် “အကောင်းဆုံး သီချင်းဆု”နဲ့ တနှစ်တာအတွက် “အကောင်းဆုံး အယ်လ်ဘမ်ဆု” အပါအဝင် ဆုကြီး ၈ ဆု ရယူခဲ့တာကို တွေ့ရပါတယ်။
MAMA ဆုပေးပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ဂျပန်နိုင်ငံမှာရှိတဲ့ လူ ၃ သောင်းဆန့် Nagoya Dome မှာ တောင်ကိုရီးယားဖျော်ဖြေရေးနဲ့ မီဒီယာကုမ္ပဏီကြီး CJ E&M က ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။
မနှစ်ကတော့ အဓိက MAMA ဆုပေးပွဲကို ဟောင်ကောင်မှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၆ လလောက်ကစလို့ စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် အဲ့ဒီမြို့မှာ ကျင်းပမှုကို ရှောင်လွှဲခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီဆုပေးပွဲမှာဆိုရင် “အကောင်းဆုံး မျက်နှာသစ်အမျိုးသား အနုပညာရှင်ဆု” ရရှိခဲ့တဲ့ TXT အဖွဲ့နဲ့ “အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး အနုပညာရှင်ဆု” ရရှိခဲ့တဲ့ ITZY အဖွဲ့တို့အပါအဝင် BTS, Twice, Monsta X, Mamamoo တို့အပြင် ဗြိတိသျှအဆိုတော် Dua Lipa တို့လည်း ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။
အခုဆုပေးပွဲဟာ လွန်ခဲ့တဲ့ ၂ လအတွင်းမှာပဲ အသက် ၂၀ ကျော် အရွယ်တွေသာ ရှိကြသေးတဲ့ Sulli, Goo Hara နဲ့ မင်းသား Cha In-ha တို့လိုမျိုး ကြယ်ပွင့်တွေ ကြွေလွင့်ခဲ့ပြီးတဲ့နောက် ကိုရီးယားအနုပညာ လုပ်ငန်းထဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။
BTS အဖွဲ့ကတော့ အကောင်းဆုံး အမျိုးသား အဖွဲ့လိုက်ဆုကို Got7, NCT 127, Monsta X နဲ့ Seventeen တို့ကို ကျော်ဖြတ်ပြီး ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့နဲ့အဆိုတော် Halsey တို့ပူးတွဲသီဆိုထားတဲ့ “Boy With Luv” သီချင်းက “အကောင်းဆုံး ဂီတဗီဒီယိုဆု”ကို ရရှိသွားခဲ့ပါတယ်။
တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို “Map of the Soul: Persona” နဲ့ သူတို့အဖွဲ့ကပဲ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး အကဖျော်ဖြေမှုဆု၊ တနှစ်တာအတွက် ကမ္ဘာ့စံပြပုဂ္ဂိုလ်ဆု၊ အကောင်းဆုံးသီချင်းဆုနဲ့ တနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
အမျိုးသမီးအဖွဲ့တဖွဲ့ ဖြစ်တဲ့ TWICE ကတော့ BLACKPINK အဖွဲ့ကို ကျော်လွန်ပြီး “အကောင်းဆုံး အမျိုးသမီး အဖွဲ့လိုက်ဆု”ကို ရရှိခဲ့ပါတယ်။ ဒ့ါအပြင် အဖွဲ့ဝင် ၉ ဦးရှိတဲ့ အဲ့ဒီအဖွဲ့ဟာ “အကောင်းဆုံး အမျိုးသမီးအက ဖျော်ဖြေမှုဆု”ကိုလည်း ရရှိခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ အကြိုက်နှစ်သက်ဆုံး အမျိုးသားနဲ့ အမျိုးသမီး အနုပညာရှင်ဆုတွေကို BTS အဖွဲ့နဲ့ TWICE အဖွဲ့တို့ကပဲ ရရှိခဲ့ပါတယ်။
BTS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ MAMA ဆုပေးပွဲမှာ အကောင်းဆုံး အနုပညာရှင်ဆု၊ အကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံး ဂီတဗီဒီယိုဆု၊ အကောင်းဆုံး အာရှစတိုင်ဆုနဲ့ Mwave Global Fans’ Choice ဆုတို့ကို ရရှိခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ
ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့
Taylor Swift ရဲ့ Youtube စံချိန်ကို ရိုက်ချိုးလိုက်တဲ့ BTS အဖွဲ့ရဲ့ “Idol” ဂီတဗီဒီယို
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်