“Planet of the Apes” ရုပ်ရှင်ပေါင်းများစွာကို လွန်ခဲ့တဲ့နှစ်တွေတည်းက ရုပ်ရှင်ချစ် ပရိသတ်တွေ ကြည့်ရှုခဲ့ဖူးကြပြီး ဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ Hollywood Reporter မှာ ဖော်ပြထားတဲ့ သတင်းတွေအရ Disney နဲ့ Fox ကုမ္ပဏီတို့အပြင် The Maze Runner ဒါရိုက်တာ Wes Ball တို့ဟာ “Planet of the Apes” ရုပ်ရှင်သစ်ကို ပူးပေါင်း ရိုက်ကူးနေကြပြီ ဖြစ်ပါတယ်။
အရင်က ထွက်ရှိခဲ့ဖူးတဲ့ Apes နောက်ဆက်တွဲရုပ်ရှင်လား၊ ဇာတ်အိမ်တခုလုံးကို အသစ်အနေနဲ့ ပြန်လည် ရိုက်ကူးထားတာလား ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ရိုက်ကူးရေး ပြုလုပ်နေရပြီဆိုပေမယ့် ၂၀၂၀ မတိုင်ခင်အထိ Apes ရုပ်ရှင်ရဲ့သတင်းတွေကို တရားဝင် ကြေညာဦးမှာ မဟုတ်သေးပါဘူး။
Maze Runner ရုပ်ရှင်တွေရဲ့ဝင်ငွေစုစုပေါင်းဟာ ၉၄၉ သန်းကျော်အထိ ရှိခဲ့တာကြောင့် ဒါရိုက်တာ Wes Ball ကို Apes ရုပ်ရှင် ရိုက်ကူးရေးအတွက် ရွေးချယ်လိုက်တာဟာလည်း စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒါရိုက်တာ Wes Ball ဟာ Mouse Guard လို့ခေါ်တဲ့ Comic Book Series တခုကို ရိုက်ကူးရေးပြုလုပ်နေတာဖြစ်ပြီး ဒီဇာတ်ကားအတွက် ဘတ်ဂျက် တော်တော်များများ သုံးထားတယ်လို့လည်း သိရပါတယ်။
Apes ရုပ်ရှင်တွေရဲ့ Box Office မှတ်တမ်းတွေအရ ဝင်ငွေဒေါ်လာ ၁ ဒဿမ ၆ ဘီလျံအထိ ရှိခဲ့ပြီး သိပ်မကြာခင် အချိန်အတောအတွင်းမှာ ရုပ်ရှင်ပိတ်ကားထက်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Wes Ball နဲ့ Fox တို့ရဲ့ပူးပေါင်း ရိုက်ကူးနေမှုမှာ Apes ရဲ့ Prequel ရုပ်ရှင်ပဲဖြစ်မလား၊ အသစ်ပြန်လည် ဖန်တီးထားတဲ့ ရုပ်ရှင်ပဲဖြစ်မလားဆိုတာကတော့ စောင့်မျှော် ကြည့်ရှုရမှာပါ။
၁၉၆၈ ခုနှစ်တွေတုန်းက ထွက်ရှိခဲ့ဖူးတဲ့ Apes ရုပ်ရှင်တွေကတော့ “Planet of the Apes”, “Beneath The Planet of the Apes”, “Escape from the Planet of the Apes”, “Conquest of the Planet of the Apes”, “Battle for the Planet of the Apes” တို့ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာ “Rise of the Planet of the Apes”, “Dawn of the Planet of the Apes”, “War for the Planet of The Apes” ဆိုပြီး ရုပ်ရှင်တွေ ထွက်ရှိခဲ့ဖူးပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Joker နောက်ဆက်တွဲရုပ်ရှင်မှာ တွေ့မြင်ရနိုင်ခြေရှိတဲ့ Superman နဲ့ Lex Luthor
ဆယ်စုနှစ်တာ ကာလအတွင်း အအောင်မြင်ဆုံး ဘောလိဝုဒ်ရုပ်ရှင်အဖြစ် “Dangal” သတ်မှတ်ခံရ