ကိုရီးယား သရုပ်ဆောင် ချာအင်ဟာကို ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ နေအိမ်မှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကမှာ ၂ လကျော်အတွင်း ၃ ယောက်မြောက် သေဆုံးမှုလည်း ဖြစ်ပါတယ်။ မင်းသားဟာ သေဆုံးချိန်မှာ အသက် ၂၇ နှစ်အရွယ်သာရှိသေးပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
မင်းသား ချာအင်ဟာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အေဂျင်စီ Fantagio က ထုတ်ပြန်ချက်မှာ “ဒီလို ဝမ်းနည်းဖွယ်ရာ ထုတ်ပြန်ချက်အတွက် အလွန်ပဲ ဝမ်းနည်း ပူဆွေးရပါတယ်။ ချာအင်ဟာကတော့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကွယ်လွန်သွားပြီ။ နောက်ဆုံးချိန်ထိ သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေဆီကို ဒီလို ဝမ်းနည်းဖွယ်ရာ သတင်းကို ပြောပြပေးရတာ အရမ်းပဲ စိတ်မကောင်းဖြစ်ရပါတယ်”
“ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုဝင်တွေကို စာနားသောအားဖြင့် တရားဝင်သတင်း မထုတ်မပြန်မချင်း ကောလာဟလတွေနဲ့ အမြင်တွေ မရေးသားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သူ့ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ပို့ဆောင်ပေးရအောင်။ မိသားစုဝင်တွေရဲ့ဆန္ဒအရ ဈာပန အခမ်းအနားကို သီးသန့်ပဲလုပ်ဖို့ စီစဉ်ထားပါတယ်”လို့ ဆိုပါတယ်။
ချာအင်ဟာကို ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ “You, Deep Inside of Me” ဇာတ်လမ်းတိုမှာ စတင်ပါဝင်ခဲ့ပြီး ပွဲထွက်ခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ web drama “Miss Independent Jieun 2 ” နဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Degree of Love”, “Wok of Love”, “Are You Human, Too?”, “Clean with Passion for Now”, “The Banker” တို့မှာ ပါဝင်ခဲ့ပြီး၊ နောက်ဆုံးဇာတ်ကားကတော့ နိုဝင်ဘာ ၂၇ ရက်က စတင်ပြသနေဆဲ “Love with Flaws” မှာ ပါဝင်ခဲ့ပါတယ်။
MBC ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူး-ကြာသပတေးမှာ ပြသနေတဲ့ “Love with Flaws” ဇာတ်လမ်းရဲ့ ထုတ်လုပ်ရေး အဖွဲ့ကလည်း ဘာမှ ဖြတ်တောက်သွားဖို့ မရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ပြသသွားမယ်လို့ ဆိုပါတယ်။
“မင်းသား ချာအင်ဟာက ဇာတ်ကား ရိုက်ကူးနေတုန်းလည်း အရမ်းကြိုးစားတဲ့သူ တယောက်ပါ။ သူကွယ်လွန်သွားတဲ့အတွက် ကျနော်တို့ အဖွဲ့တခုလုံး သတိတရ အမှတ်ရနေတော့မှာပါ။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ ရပါတယ်” လို့ ဆိုပါတယ်။
Ref: Soompi
You may also like these stories:
ကင်ဆာရောဂါ ခံစားခဲ့ပြီး ၂ နှစ်အကြာမှာ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာခဲ့တဲ့ ကင်ဝူဘင်
လာမယ့်နှစ်မှာ ကြည့်ရှုရတော့မယ့် လီဗြောင်ဟွန်းရဲ့ ဒရာမာအသစ် “Here”
သက်ကြီးရွယ်အိုတွေအတွက် နှစ်စဉ် ဝမ် ၁၀ သန်းလှူဒါန်းနေတဲ့ မင်းသမီး IU