ဒါရိုက်တာကြီး Martin Scorsese က သူ့ရဲ့ ရုပ်ရှင်အသစ် “The Irishman” ရုပ်ရှင်ကို ဖုန်းတွေကနေ မကြည့်ဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီ ဂန်းစတားရုပ်ရှင်ကို Netflix ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပြီ ဖြစ်ပြီး ရုပ်ရှင်ရုံတွေမှာလည်း ပြသနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါရိုက်တာကြီး Martin ကတော့ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ရုပ်ရှင်ကို မိုဘိုင်းဖုန်းတွေပေါ်ကနေ ကြည့်ရှုခြင်း မပြုဖို့ ပြောဆိုလိုက်ပါတယ်။
“ကျနော် အကြံပေးချင်တာက ကျနော့်ရုပ်ရှင် အများစုကို ကြည့်ချင်ကြတယ်ဆိုရင် ကျေးဇူးပြုပြီး ဖုန်းတွေပေါ်ကနေ မကြည့်ကြပါနဲ့။ ပိုကြီးတဲ့ iPad တွေနဲ့ ကြည့်ကြပါ”လို့ ဒါရိုက်တာကြီးက ရုပ်ရှင်ဝေဖန်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
“Goodfellas” ရုပ်ရှင်ဒါရိုက်တာ Martin က ဖုန်းတွေပေါ်မှာ ကြည့်နိုင်မယ့် ရုပ်ရှင်တကားကို ဘယ်လို ဖန်တီးရမယ်ဆိုတာကို သူ မသိဘူးလို့ ဆိုပါတယ်။ “အဲ့ဒါကို ဘယ်လိုရိုက်ရမလဲ ကျနော် မသိပါဘူး။ ကျနော် မသိလို့ ရိုက်တတ်ပါစေလို့တောင် ဆုတောင်းနေတာ။ မဟုတ်သေးပါဘူး။ ကျနော် မရိုက်တတ်ဘူး”လို့ ဒါရိုက်တာ Martin က ဆိုပါတယ်။
“The Irishman” ရုပ်ရှင်ဟာ ကြာချိန် ၃ နာရီခွဲရှိပေမယ့် ပရိသတ်တွေ သူ့ရဲ့ရုပ်ရှင်ကို အစကနေ အဆုံးအထိ တထိုင်တည်း ကြည့်ရှုလိမ့်မယ်လို့ ဒါရိုက်တာကြီးက မျှော်လင့်ထားပါတယ်။
“ပြန်ပြောပြတဲ့ ပုံစံမျိုးနဲ့ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ခင်ဗျားတို့ ဘယ်လိုတွေ ကြည့်ကြမယ်ဆိုတဲ့ အခြေခံတွေ အားလုံးကို ကာမိအောင် လုပ်နိုင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ကတော့ ရုပ်ရှင်ရုံကိုသွားပြီး အစကနေ အဆုံအထိ ကြီးမားတဲ့ ပိတ်ကားထက်ပေါ်ကနေ ကြည့်ချင်ပါတယ်”
“ပြီးတော့ မတ်တပ်ထပြီး အိမ်သာသွားတာတို့ဆိုတာက တော်တော်လေးကို ကြာသွားမှာပါ။ ဒါပေမယ့် အိမ်မှာ ဆိုရင်တော့ နေ့လယ်မှာရော ညပိုင်းမှာရော အချိန်ကို ဖန်တီးပြီး ဖုန်းတွေလည်း ဖြေစရာ မလိုဘူး။ ဟိုဟိုဒီဒီ ထနေစရာလည်း မလိုဘူးလေ။ အလုပ်ဖြစ်နိုင်မှာပါ”လို့ ဒါရိုက်တာ Martin က ဆိုပါတယ်။
ဂန္တဝင် ရုပ်ရှင်ဒါရိုက်တာကြီးကတော့ အဲ့ဒီရုပ်ရှင်အသစ်အတွက် Netflix နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာကို ကာကွယ် ပြောဆိုခဲ့ပါတယ်။ “The Irishman” ထဲက တချို့ဇာတ်ဝင်ခန်းတွေမှာ သရုပ်ဆောင်တွေဟာ ပိုမိုငယ်ရွယ်တဲ့ပုံစံ ရရှိဖို့အတွက် သုံးရတဲ့ အသက်နုစေတဲ့ CGI အထူးပြုလုပ်ချက်အတွက် ပိုက်ဆံထည့်မယ့် တခုတည်းသော စတူဒီယိုဖြစ်တာကြောင့် လက်တွဲလုပ်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာကြီးက အကြောင်းပြထားပါတယ်။
Ref: asiaone
You may also like these stories:
“Planet of the Apes” ရုပ်ရှင်သစ် ရိုက်ကူးရေး Disney မှာ ပြုလုပ်နေပြီ
Joker နောက်ဆက်တွဲရုပ်ရှင်မှာ တွေ့မြင်ရနိုင်ခြေရှိတဲ့ Superman နဲ့ Lex Luthor