Entertainment

Wild Card နဲ့ခေါ်ရင် ပြန်လာဖို့ ဒိုင်တွေပြောတဲ့အတိုင်း လေ့ကျင့်နေတဲ့ နေလင်းကျော်

Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းသီချင်းများ သီဆိုယှဉ်ပြိုင်တဲ့ တတိယအပတ်မှာ ပြိုင်ပွဲကထွက်ခဲ့ရတဲ့ နေလင်းကျော်က Wild Card နဲ့ ပြန်လာဖို့အတွက် ဒိုင်တွေပြောတဲ့အတိုင်း သီချင်းထဲမှာ ခံစားသက်ဝင်စွာ သီဆိုဖို့ လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။

“Wild Card နဲ့ ပြန်လာဖို့အတွက် ဘာမှ မပြင်ဆင်ရသေးပါဘူး။ ပြန်ခေါ်ရင်တော့ ပြန်လာရမှာပေါ့။ တီချယ်တို့ ပြောတဲ့အတိုင်း Vocal လေ့ကျင့်နေတယ်။ ဒိုင်တွေပြောတဲ့အတိုင်း သီချင်းထဲမှာ ခံစားသက် ဝင်စွာဆိုဖို့ လေ့ကျင့်နေပါတယ်။ ပြန်ရွေးချယ်ခံရရင်တော့ အရင်ကနဲ့ မတူတဲ့ နေလင်းကျော်အဖြစ် ပါဝင် ယှဉ်ပြိုင်ပါမယ်။ အမှားတွေကိုလည်း ပြန်လည် ပြင်ဆင်သွားမှာပါ”

“ပြိုင်ပွဲမို့ တပတ် တယောက်ကတော့ ထွက်ရမှာပဲလေ။ အဲဒါကို ပြိုင်ပွဲဝင်တွေ လက်ခံပြီးသားပါ။ ကျနော်တို့ ဝမ်းနည်းကြတယ် ဆိုတာကလည်း ပြိုင်ပွဲမှာ အကောင်းဆုံးတွေ မချပြနိုင်လို့ ဝမ်းနည်းပြီး ထွက်ခွာရတာကို မျက်ရည်ကျခဲ့ကြတာပါ။ Voting စနစ်ကလည်း နှစ်တိုင်း ဒီအတိုင်းပဲ သွားနေကျပုံစံလို့ပဲ ထင်ပါတယ်။ ကျနော်တို့ ဒါကို ငြင်းဆန်လို့ မရဘူးပေါ့။ Voting စနစ်ကိုလည်း မသိပါဘူး”လို့ နေလင်းကျော်က ပြောပါတယ်။

နေလင်းကျော်ကတော့ အဆိုတော် L လွန်းဝါ ရဲ့ သီချင်းကို Cover ပြန်ဆိုထားပြီး ဒီဇင်ဘာလထဲမှာပဲ အွန်လိုင်းကနေ တင်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ ပွဲလေးတွေ တက်ဖြစ်တယ်။ အနုပညာလှုပ်ရှားမှုတွေက အခုချိန်မှာ လုပ်လို့ မရလို့ ပြိုင်ပွဲပြီးတာနဲ့ မောင်နှမ ၁၁ ယောက်လုံး အနုပညာအလုပ်တွေ လုပ်ကြမှာပါ။ အွန်လိုင်းကနေ သီချင်းလေး တပုဒ် ပြန်ဆိုထားတာလေး ဒီလထဲမှာ တင်ပေးဖို့ရှိပါတယ်။ ကို Lလွန်းဝါရဲ့ ‘မျှော်လင့် ချက်မထားပါနဲ့’ သီချင်းလေးကို Cover ပြန်ဆိုတာပါ။ အစ်ကိုကလည်း ခွင့်ပြုပါတယ်”

“ဒီသီချင်းလေးကို ကိုယ်တိုင်သီဆို၊ ကိုယ်တိုင်သရုပ်ဆောင်၊ ကိုယ်တိုင် တီးခတ်ထားပါတယ်။ မှတ်တိုင် တခုအနေနဲ့ ထားခဲ့ချင်လို့ပါ။ အသည်းကွဲနေလို့ အသည်းကွဲသီချင်းဆိုတာ မဟုတ်ပါဘူး။ ဟိုးငယ်ငယ်ကတည်းက ဒီသီချင်းကို ကြိုက်တယ်။ အခုချိန်မှာ မှတ်တိုင်တခုအနေနဲ့ သတ်မှတ်ချင်လို့ ရွေးဆိုဖြစ်တာပါ”လို့ နေလင်းကျော်က ပြောပါတယ်။

ဆက်လက်ပြီး နေလင်းကျော်က အဆိုတော် တယောက်အနေနဲ့ပဲ လျှောက်လှမ်းချင်သေးတာကြောင့် သရုပ်ဆောင် ကမ်းလှမ်းလာရင် မလုပ်ဖြစ်သေးဘူး ဆိုပါတယ်။

“သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်သေးဘူး။ နောက်ပိုင်းတော့ မပြောတတ်သေးဘူး။ အလုပ်က သီချင်းဆိုတာဆိုတော့ အဆိုတော် တယောက်အနေနဲ့ပဲ စလျှောက်လှမ်းချင်ပါတယ်။ ပြီးမှ သရုပ်ဆောင်လမ်းကို သွားပါမယ်။ အချစ်ရေးကတော့ တယောက်တည်း အေးဆေးပါပဲ”လို့ နေလင်းကျော်က ပြောပါတယ်။

Myanmar Idol ပြိုင်ပွဲဝင် နေလင်းကျော်ကတော့ Myanmar Idol Season 4 ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီ မတိုင်ခင်ကလည်း အနုပညာ လှုပ်ရှားမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

You may also like these stories:

Myanmar Idol Season 4 ရဲ့ Top 11 ပြိုင်ပွဲဝင်အချို့ရဲ့ စကားသံများ

Myanmar Idol မှာ Wild Card နဲ့ ပြန်ခေါ်ခံရရင် ကြိုးစားပြချင်သေးတဲ့ ခြူးစစ်ဟန်

အဆိုတော် သာဒီးလူရဲ့ စကားတခွန်းကြောင့် အလူးအလဲ ခံစားခဲ့ရတဲ့ နေလင်းကျော်

Loading