ဒီဇင်ဘာလထဲမှာ မွေးဖွားတဲ့ အဆိုတော် ကော်နီကတော့ မွေးနေ့ မတိုင်ခင် တရက်အလိုမှာ သီချင်းအသစ်တပုဒ် ထွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“ဒီဇင်ဘာ ၂၁ မှာ မကော်ရဲ့အခွေလေး ထွက်မယ်လို့ ကတိတွေ ပေးထားတာ အခုလည်း Mixing မပြီးသေးတော့ ထွက်လို့ မရဘူး။ ဒါပေမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့၊ မွေးနေ့အကြိုမှာ သီချင်းအသစ်လေး တပုဒ် တင်မယ်။ ၉ ရက်နေ့ ရိုက်တော့မယ်”လို့ အဆိုတော် ကော်နီက ပြောပါတယ်။
သီချင်းကတော့ အဆိုတော် ဗီနိုထွန်း ရေးသားထားတဲ့ “ပုံပြင်” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ “ဆေး” သီချင်းကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပေးသွားမယ်လို့ သိရပါတယ်။
“မေဘရဏီပဲ ရိုက်မယ်။ သရုပ်ဆောင်ကတော့ မပြောသေးဘူး။ ကိုယ်လည်း နည်းနည်းတော့ ဆိုတာပါမှာပေါ့။ “ဆေး” တုန်းကလိုပဲ။ အဆိုလေးတော့ ပါမယ်။ ကိုယ်တွေက သရုပ်ဆောင်ရမယ့် အရွယ်မဟုတ်တော့ သရုပ်တော့ မဆောင်ဘူး။ သီချင်းကတော့ ကိုယ်ပါမှ၊ မြန်မာတွေရဲ့အကြိုက်ကို သိတယ်။ အဆိုတော် ကိုယ်တိုင်ပါမှ။ ဒါကြောင့် တချို့ကလေးတွေဆို မင်းသား၊ မင်းသမီးလေးတွေကို ဦးစားပေးတယ်” လို့ ကော်နီက ပြောပါတယ်။
သီချင်းအသစ်များ ထွက်နေပေမယ့် ရှိုးပွဲများ သီဆိုတဲ့အခါမှာတော့ ပရိသတ် အများစုက သီချင်းအဟောင်းများကိုပဲ ကြိုက်နှစ်သက်ကြပြီး အသစ်ဆိုရင် မကြိုက်ကြဘူးလို့ ဆိုပါတယ်။
“မကော်တို့က အသစ်ဆိုပေးချင်လည်း မကော်တို့ရဲ့ပရိသတ်က အဟောင်းပဲ ကြိုက်တာ။ စမ်းကြည့်ကြည့်တယ်။ ရန်ကုန် မန္တလေးကို အသစ်တွေဆိုရင် မကြိုက်ဘူး။ အဟောင်းပဲ နားထောင်ချင်ကြတာ”လို့ ကော်နီက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကော်နီရဲ့မွေးနေ့မှာတော့ အလှူပြုလုပ်မှာဆိုပေမယ့် ကြိုလုပ်သွားဖို့ရှိပြီး မွေးနေ့ဆိုရင် လမ်းပေါ်မှာဖြစ်နေတာ များတယ်လို့ သိရပါတယ်။
“မွေးနေ့အလှူကတော့ ကြိုလှူဖြစ်မယ်။ ကြိုပဲ လှူလိုက်တော့မယ်။ အမှန်အတိုင်းပြောရရင် မကော်မွေးနေ့ဆိုတာ တသက်လုံး မလုပ်ခဲ့ရဘူး။ ဒီဘက်ခေတ် ကျမှသာ ပွဲလေး နည်းနည်း အားတာနဲ့ ဘာဖြစ်လို့လဲဆိုရင် ဒီဇင်ဘာ ၂၁ ရက်က လမ်းပေါ်မှာပဲ များတယ်။ လမ်းပေါ်မှာပဲ မွေးနေ့ လုပ်ကြတယ်။ ဒီလောက်ပဲ”လို့ ကော်နီက ပြောပါတယ်။
မနှစ်ကမွေးနေ့မှာတောာ့ သိန်း ၁၀၀ ကျော် လှူဒါန်းဖြစ်ခဲ့ပြီး ဒီနှစ်မှာလည်း ဇလွန်မှာရှိတဲ့ ဘုန်းကြီးကျောင်း တကျောင်းကို သူမရဲ့ပိုက်ဆံနဲ့အတူ သြစတြေးလျမှ မိတ်ဆွေများရဲ့လှူဒါန်းမှုများနဲ့ စုပေါင်းကာ လှူဒါန်းသွားဖို့ရှိတယ်လို့ သိရပါတယ်။
“မနှစ်ကတော့ ၁၂၅ သိန်းကို ကိုယ့်ကျောင်းအတွက် လှူတယ်။ ကြားထဲမှာ သိန်း ၁၀၀ ထပ်လှူသေးတယ်။ မပြောဖြစ်ဘူး။ ကိုယ့်ကျောင်းဖြစ်နေတော့ ကိုယ်က ကမကထ လုပ်နေရတော့။ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းတွေ လှူမယ်။ ဟိုတရက်က ဇလွန်ဘက်မှာ တွေ့ခဲ့တဲ့ ကျောင်းလေးက လိုအပ်နေတော့ အဲ့မှာ လှူမယ်။ ပြီးတော့ သြစတြေးလျကနေ လှူဖို့ ပိုက်ဆံပေးလိုက်တာလေးတွေကိုလည်း အဲ့မှာပဲ လှူမယ်” လို့ ကော်နီက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့မှာလည်း အဆိုတော် ကော်နီက အဆိုတော် တူးတူး၊ ချစ်ကောင်း၊ ဟေမာနေဝင်းတို့နဲ့အတူ 80’s Classics Live Show ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“ဆေး” သီချင်းကို လွတ်လွတ်လပ်လပ်တွေးပြီး ပုံဖော်ဖန်တီးခဲ့သူ တေးရေး ဝေကြီး
အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံရတဲ့အပေါ် အနုပညာရှင်များရဲ့ စကားသံများ
Myanmar Idol Season အသစ်မှာ ဒိုင်လုပ်ဖို့ မသေချာသေးဘူးလို့ ပြောတဲ့ တင်ဇာမော်