သရုပ်ဆောင် မိုးအောင်ရင်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးကတော့ မိုးအောင်ရင်ဟာ နောက်ကွယ်က ကြိုးကိုင်သူတွေကို မလွန်ဆန်နိုင်ခဲ့ဘူးလို့ ဒီနေ့ ရုံးချိန်းမှာ ပြောခဲ့ပါတယ်။
“ချစ်တာတော့ ချစ်တယ်။ အဓိကက သူ့ကို ကြိုးကိုင်နေတာကို သူ မလွန်ဆန်နိုင်ဘူး။ မှန်ပါတယ်၊ ဒီအချိန်က သူ့မိသားစုကို အားကိုးနေရတဲ့ အချိန်ဆိုတော့ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မလုပ်နိုင်သေးဘူး။ သူ့ကိုလည်း သနားတယ်။ ကိုယ်ကိုယ်တိုင်လည်း ဝမ်းနည်းတယ်။ ဒီလိုမျိုးကြီး ဖြစ်ဖို့လည်း မစဉ်းစားခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီလိုဖြစ်သွားတဲ့အတွက် ကိုယ့်ကံပဲပေါ့”လို့ ခင်မြတ်နိုးက ပြောပါတယ်။
အခုလို တရားစွဲရတာလည်း မိုးအောင်ရင်တို့ဘက်မှ အလွန်အကြူး ပြောဆိုမှုများကြောင့်ဖြစ်ပြီး သူမအနေနဲ့လည်း အမှန်တရားဖြစ်ဖို့အတွက် တရားစွဲဆိုခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“တရားစွဲတာက သူတို့ဘက်ကလည်း အလွန်အကြူး ပြောထားတာတွေ ရှိတယ်။ အမှန်တရားဖြစ်ဖို့အတွက်ပဲ တရားစွဲတာပါ။ နစ်နာဖို့လည်း ကိုယ်က လုပ်တာမဟုတ်ဘူး။ အမှန်တရား ဖြစ်ဖို့အတွက်ပဲ လုပ်တာပေါ့။ ကိုယ်က အမှန်လုပ်တဲ့အတွက်ကြောင့် တရားဥပဒေက အမှန်အတိုင်း လုပ်သွားမှာပါ”လို့ ခင်မြတ်နိုးက ပြောပါတယ်။
အဆိုပါ တရားစွဲဆိုမှုကိုတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ မိုးအောင်ရင်က သူမအား လက်ထပ်မည်ဟုဆိုကာ ကာမလိမ်လည် ရယူကာ လက်ထပ်ခြင်း မရှိတဲ့အတွက် ဦးတိုက် လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့ ရုံးချိန်းကတော့ စွပ်စွဲခံရသူ မိုးအောင်ရင်ကို ရုံးရှေ့လာရောက်ဖို့အတွက် ဆင့်ခေါ်ထားတဲ့ ရုံးချိန်းဖြစ်ပါတယ်။ ဒီနေ့မှာ မိုးအောင်ရင်က ကလောကို သွားရောက်နေတယ်ဆိုပြီး လေယာဉ် လက်မှတ်နဲ့တကွ ခွင့်စာ တင်ပါတယ်။ တရားသူကြီးက သမ္မာန်စာလည်း အတည်ဖြစ်ရဲ့သားနဲ့ မလာရောက်တဲ့အတွက် နောက်ရုံးချိန်းကို မပျက်မကွက် လာရောက်ဖို့ ဒီဇင်ဘာ ၁၃ ရက်ကို ပြန်လည် ချိန်းဆိုထားပါတယ်။
အဲ့နေ့ မလာရောက်ဘူးဆိုရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေတွေကို ပြောထားတာ ရှိပါတယ်။ တရားလိုဘက်ကလည်း ရှေ့နေပါဝါ တင်ပြထားပါတယ်။ သမ္မာန်စာ အတည်ဖြစ်ရဲ့သားနဲ့ မလာဘူးဆိုရင်တော့ နောက်တဆင့်က ဖမ်းဝရမ်းထုတ်တဲ့အဆင့် ဖြစ်သွားမှာပါ။ ဒါက ကျင့်ထုံးအရ ပြောခြင်း ဖြစ်ပါတယ်”လို့ ရန်ကင်းမြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
မိုးအောင်ရင်ကတော့ တရားစွဲဆိုခံရပြီး ပထမဆုံးအကြိမ် တရားရုံးက ဆင့်ခေါ်ထားသော်လည်း ခရီးသွားနေတာကြောင့် ခွင့်တိုင်ကြားခဲ့တဲ့အတွက် နောက်တပတ်ကို ပြန်လည် ချိန်းဆိုခဲ့ပြီး နောက်တပတ် မလာရောက်ပါက ဖမ်းဝရမ်းထုတ်တဲ့အဆင့် ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တရားလိုဖြစ်သူ ခင်မြတ်နိုးနဲ့လည်း မီဒီယာတခုမှာ သူမနဲ့ ပတ်သက်တဲ့ အင်တာဗျူးဖြေပြီးစဉ်ကတည်းက အဆက်အသွယ် မရှိတော့ဘဲ သူမအတွက် အများကြီးထိခိုက်ခဲ့ရပြီး အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မီဒီယာမှာပြောလိုက်ပြီးကတည်းက အဆက်အသွယ် မရှိတော့တာ။ အဲ့အတွက် ထိခိုက်တာပေါ့။ အများကြီး ထိခိုက်တာပေါ့။ လောလောဆယ် ပတ်ဝန်းကျင်ကြည့်တဲ့ အမြင်ထက် ကိုယ်အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်ဘူး။ အဲ့လိုမျိုး ဖြစ်နေတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်ကတော့ ရည်းစားဖြစ်သူ ခင်မြတ်နိုးအား မူးယစ်ဆေး သုံးစွဲလျက်ရှိတယ်ဆိုတဲ့အကြောင်းကို ဖြေကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ်မဟုတ်တဲ့အတွက် ဘာမှ ချေပပြောစရာ မလိုဘူးလေ။ နောက်တော့ အမှန်တရားက သိမှာပဲ။ အဓိကကတော့ သူတို့လမ်းခွဲချင်လို့နေမှာပေါ့။ ဒါပဲ ရှိတယ်”လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်နဲ့ ၂၀၁၆ ခုနှစ်ကတည်းက တွဲလာခဲ့တာဖြစ်ပြီး အချုပ်မကျခင် ထိန်းသိမ်းခံရတဲ့အချိန်ကတည်းက အနားမှာနေပေးခဲ့ပြီး ထောင်ကျတဲ့အထိ အနားမှာရှိနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“တွဲခဲ့တာက ၂၀၁၆ လောက်ကတည်းကဆိုတော့ ၄ နှစ်လောက်တောင် ရှိပြီ။ ဒီလိုမျိုးဖြစ်ဖို့လည်း မရည်ရွယ်ပါဘူး။ ဝမ်းနည်းတာပေါ့။ ဒီလိုမျိုးလည်း လုပ်လောက်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူအချုပ် မကျခင်ကတည်းက စခန်းမှာရှိတဲ့အချိန်ကတည်းကရော၊ အချုပ်ကျနေတဲ့အချိန်တွေရော တောက်လျှောက်ပဲ။ အချုပ်ကျပြီး ထောင်ကျတဲ့ အချိန်တွေထိ သူ့အနားမှာ ရှိနေပေးတယ်”လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံရပြီးနောက် မေလအတွင်းမှာ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး သူလွတ်မြောက်လာပြီးတဲ့အချိန်မှာတော့ ခင်မြတ်နိုးက မိုးအောင်ရင်ရဲ့ နေအိမ်မှာ လိုက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူ လွတ်ငြိမ်းချမ်းသာ လွတ်တဲ့နေ့မှာပဲ သူ့အိမ်ကို လိုက်သွားနေခဲ့တာလေ။ အဲ့ကနေပြီးတော့ အမှုမဖြစ်ခင်မှာပဲ စကားများပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်နေလိုက်တယ်။ အဲ့လိုပြန်လာပြီးနောက်နေ့မှာပဲ ဒီအင်တာဗျူးကို လုပ်လိုက်တော့ Surprise ဖြစ်သွားတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း “စကားများတာကလည်း သူ အပြင်သွားတယ်။ ကိုယ်မလိုက်တော့ မလိုက်ဖြစ်ဘူး။ ဥပမာ တရားစခန်းသွားရင်တောင် ကိုယ်လိုက်ဝင်ချင်တယ်။ အဲဒါကို သူ မခေါ်သွားဘူး။ သူဘာလို့ မခေါ်သွားဘူးလဲဆိုတာက သူ့အဖေ၊ အမေတွေကို ကျမကိုယ်တိုင် ပြောတယ်။ သူ တရားစခန်းသွားတာပဲ ၂ ယောက်အတူတူ သွားလို့ရတယ်။ ထောင်ကျမယ်ဆိုရင်တောင် ကိုယ်က လိုက်နေပေးလို့ရရင် နေပေးမယ်ဆိုပြီးတော့ ပြောထားတဲ့သူ တယောက်ပေါ့”
“တရားစခန်းဆိုတာ ကောင်းမှုကုသိုလ်လုပ်တဲ့ဟာကို သူဘုန်းကြီးဝတ်နေတုန်းကလည်း သွားချင်တာတောင် သူ့အဖေက တားတယ်၊ မသွားနဲ့ဆိုပြီး ရတယ် ထားလိုက်တော့ပေါ့။ တရားစခန်းကို အတူတူ ဝင်လို့ရတာကိုတောင် တားတယ်ဆိုတော့ ဘယ်လို ရည်ရွယ်ချင်လဲ၊ အဲ့ကတည်းက တမျိုး ဖြစ်နေတယ်။ ဒါသူတို့ဘက်က ရည်ရွယ်ချက် တခုခုရှိတယ် ထင်လိုက်တယ်ပေါ့။ အဲ့လိုမျိုး စကားများကြတယ်”လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ မိုးအောင်ရင်ကို တရားရုံးက ထပ်မံ ဆင့်ခေါ်ထားပြီး မလာရောက်ပါက ဖမ်းဝရမ်းထုတ်တော့မှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
စိတ်မတည်ငြိမ်သေးလို့ တရားစခန်း ဝင်ဦးမယ့် သရုပ်ဆောင် မိုးအောင်ရင်
သရဲခြောက်ခံခဲ့ရဖူးတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် မိုးအောင်ရင်
မအေးအေးဝင်း စီစဉ်မှုနဲ့ သရုပ်ဆောင် မိုးအောင်ရင် ရုပ်ရှင် ပြန်ရိုက်တော့မည်