Entertainment

"တိမ်တွေပေါ်ကပန်း" ရုပ်ရှင်မှာ ဝတ်မှုံရွှေရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ Ryu Sang Wook

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင် Ryu Sang Wook က “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကား ရိုက်ကူးချိန်မှာ ဝတ်မှုံရွှေရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

“တိမ်တွေပေါ်ကပန်း ဇာတ်ကားမှာ မြန်မာနိုင်ငံမှာ နာမည်ကြီး ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးမှာဖြစ်ပြီး နာမည်ကြီး မင်းသမီး ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် လက်ခံဖြစ်တယ်။ ဒီကားထဲက ကာရိုက်တာအတွက် ကိုရီးယားလို အရင်လေ့ကျင့်တယ်၊ ပြီးမှ အင်္ဂလိပ်စကား ပြောတာကို ပြောင်းပြီး သရုပ်ဆောင်ပါတယ်။ ဇာတ်ကားထဲမှာ အင်္ဂလိပ်လို ပြောရတာ များတယ်”

“ကျနော်နဲ့ အတူသရုပ်ဆောင်တဲ့ ကောင်မလေးက အင်္ဂလိပ်စာ အရမ်းတော်တယ်။ သူက အများကြီး သင်ပေးပါတယ်။ အခက်အခဲတွေကတော့ မိုးရွာတာပါ။ မိုးရွာတော့ ရိုက်ကူးရေး မပြီးမှာကို စိုးရိမ်ရတယ်။ ကစ်ကစ် (ဝတ်မှုံရွှေရည်) က ပုံမှန်အချိန်ဆို အနေအေးတယ်။ တကယ်တမ်း သူနဲ့ တွေ့တဲ့အချိန်မှာ စနောက်ပြီးတော့ အတူတူ ဖြတ်သန်းကြတယ်” ကိုရီးယားမင်းသား Ryu Sang Wook က ပြောပါတယ်။

“တခါတလေ အရမ်းစနောက်လွန်းလို့ သူအဆင်ပြေပါ့မလားလို့ တွေးမိတယ်။ ရုပ်ရှင်ရိုက်ပြီဆိုရင်လည်း တကယ်ကို စိတ်ပါလက်ပါနဲ့ အာရုံစိုက်ပြီးရိုက်တဲ့အတွက် တကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားလာခဲ့ပါတယ်။ မကစ်ရဲ့ အသားအရေက အရမ်းလှတယ်၊ ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း အရမ်းစိတ်ဝင်စားတယ်။ အဲဒါကြောင့် သူ့ကို ကိုရီးယားလူမျိုးတွေထဲက တစိတ်တပိုင်းလို့ ပြောလို့ ရပါတယ်”

“တခါတလေ Instagram မှာ ကိုရီးယား အစားအသောက်ပုံလေးတွေ တင်ထားတာလည်း တွေ့ရတော့ ကိုရီးယားနဲ့ ပတ်သက်ပြီး အများကြီး စိတ်ဝင်စားတယ်လို့လည်း သိရတယ်”လို့ Ryu Sang Wook က ဆိုပါတယ်။

မြန်မာလူမျိုးတွေက ရိုးသားပြီး ဖော်ရွေတယ်ဆိုတာကို ခံစားမိတယ်ဆိုတဲ့ Ryu Sang Wook က အခွင့်အရေးတွေရှိရင် မြန်မာနိုင်ငံကို ထပ်လာမှာလို့ ဆိုပါတယ်။

“မြန်မာစကားတွေမှာဆိုရင် “ချစ်တယ်” ၊ “မြန်မြန်” ၊ “မင်္ဂလာပါ” ဆိုတဲ့ စကားတွေတော့ သိတယ်။ ပထမတခေါက် မြန်မာနိုင်ငံကို လာပြီးကတည်းက မြန်မာလူမျိုးတွေက တကယ်ကို ရိုးသားပြီး ဖော်ရွေတယ်ဆိုတာ ခံစားမိတယ်။ မြန်မာပြည်သူတွေ ကျနော့်ကို ချစ်ခင်ကြတယ်ဆိုရင် နောက်ထပ် မြန်မာပြည်ကို လာမှာပါ။ မြန်မာနိုင်ငံကို ထပ်လာဖို့အတွက် အခွင့်အရေးတွေ ရှိရင်လည်း လာမှာပါ။ ‘တိမ်တွေပေါ်ကပန်း’ ဇာတ်ကားကိုလည်း ပရိသတ်တွေ သဘောကျမယ်လို့ ထင်ပါတယ်။ အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ Ryu Sang Wook က ပြောပါတယ်။

“တိမ်တွေပေါ်ကပန်း” ဇာတ်ကားကတော့ မိုးနီလွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ ကိုရီးယားမင်းသား Ryu Sang Wook ၊ မေသန်းနုနဲ့ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့သတင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ပိုပို

Instagram မှာ ခန္ဓာကိုယ်အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တဲ့ နေခြည်ဦး

Loading