ကျန်းမာရေးကြောင့် ပရိသတ်တွေနဲ့ အလှမ်းဝေးနေတဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က ကျန်းမာရေး ပြန်ကောင်းပြီး အလုပ်တွေ ပြန်လုပ်တော့မယ်လို့ ဆိုပါတယ်။
“ကျနော် ၄၊ ၅ လလောက် ဆေးရုံ တက်လိုက်ရတဲ့အတွက် ပရိသတ်နဲ့ အလှမ်းဝေးသွားတယ်။ အခု ကျန်းမာရေး ကောင်းသွားပါပြီ၊ ဆေးလိပ်မသောက်၊ အရက် မသောက်တော့ ကွမ်းပဲ အားကိုးရတာပေါ့။ ကျန်းမာရေးက ကောင်းနေပါပြီ။ ပွဲတွေ ကမယ်၊ Presenter လုပ်မယ်။ ရုပ်ရှင်တွေ ပြန်ရိုက်မယ်။ စိတ်ပူပေးကြလို့လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”
“ကျနော် ရိုက်ထားတဲ့ ကားတွေလည်း ရှိတယ်။ ဘယ်နေ့ ရုံတင်မယ်တော့ မသိဘူး။ မွေးနေ့လည်း ၂၉ ရက်နေ့ရှိတယ်။ မွေးနေ့မှာ ဆန်ဝေမယ်။ ကြာဇံကြော် ကျွေးမယ်”လို့ ဒိန်းဒေါင်က ပြောပါတယ်။
သရုပ်ဆောင် ဒိန်းဒေါင်ကတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင် ရိုက်ကူးတဲ့ “တောက်ချလိုက်မယ်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအကြောင်းလည်း အခုလိုပဲ ပြောပါတယ်။
“တောက်ချလိုက်မယ် ဇာတ်ကားမှာ ခင်လှိုင်ကို မစ၊ မနောက်ဘဲ ကောင်းကောင်းမွန်မွန် ရိုက်ခဲ့တဲ့ ကားလေးတကားပေါ့။ ဇာတ်ဝင်ခန်းမှာ သူအရက်သောက်တဲ့ အခန်းကို သဘောကျတယ်။ ကျနော်တို့ နှစ်ယောက် ရန်ဖြစ်တဲ့ အခန်းတွေက အမှတ်တရပါပဲ။ ဇာတ်ကားရိုက်တုန်းက အလွဲတွေတော့ မရှိပါဘူး။ သူ့ကိုလည်း ဒါရိုက်တာ တယောက်လို သဘောထားတယ်။ ဝိုင်း ကူညီပေးတယ်။ ဒါရိုက်တာဆိုပြီး သူရိုက်ပေမယ့် ကိုယ့်ကို သူငယ်ချင်းတယောက်လိုပဲ သဘောထားတယ်။ သူလိုချင်တဲ့အတိုင်းပဲ သရုပ်ဆောင်ခဲ့ပါတယ်”
“သူအရင်ကတည်းက ဇာတ်ကားရိုက်ထားတာတွေ ရှိတယ်။ ချိုးရုပ် ဇာတ်ကားမှာ သူ အောင်မြင်တော့ ဝမ်းသာရတယ်။ တောက်ချလိုက်မယ်လည်း အောင်မြင်မယ်လို့ ယုံကြည်တယ်။ အောင်မြင်ပါစေလို့ လည်း ဆုတောင်းပါတယ်။ နောက်ထပ်လည်း ကိုခင်လှိုင်နဲ့ ၁ လပိုင်း၊ ၃ လပိုင်းမှာ ရိုက်ဖို့ ရှိပါတယ်။ ကျနော်တို့ နှစ်ယောက်မှာ သူစိတ်ဆိုးတာချည်းပဲ။ မတည့်ဘူးဆိုတာတော့ မရှိပါဘူး။ အရမ်းကြီး စိတ်ဆိုးတယ်ဆိုတာတော့ မရှိဖူးဘူး”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ သူငယ်ချင်းဖြစ်သူ ခင်လှိုင် ရိုက်ကူးတဲ့ “တောက်ချလိုက်မယ်” ဇာတ်ကားမှာပါဝင် သရုပ်ဆောင်ထားပြီး လက်ရှိမှာ လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌအနေနဲ့လည်း ဆောင်ရွက်နေပါတယ်။
You may also like these stories:
“အနုပညာလောကနဲ့ တဖြည်းဖြည်းဝေးတော့မယ်” လို့ ဆိုလာသူ ဒိန်းဒေါင်
“အနုပညာရှင်တွေ အများကြီး ကူကြပါတယ်၊ ပရိသတ်တွေ နားလည်မှု လွဲတာပါ”