ဇာတ်ကားတွေ ရိုက်ကူးနေတာကြောင့် အချစ်ရေးဘက် မလှည့်နိုင်သေးဘူးဆိုတဲ့ အလှမယ်၊ သရုပ်ဆောင် နန်းခင်ဇေယျာက လက်ရှိမှာတော့ တယောက်တည်းလို့ ဆိုပါတယ်။
“လတ်တလောမှာ နန်းခင် ကားတွေ တောက်လျှောက် ရုံတင်ဖို့ ရှိတယ်။ ၂၀၂၀ မှာလည်း ဇာတ်ကားတွေ ရိုက်ဖို့ရှိပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာကြောင့် အချစ်ရေးဘက် မလှည့်နိုင်သေးဘူးပေါ့။ အချစ်ရေးက စိတ်မဝင်စားသေးတာလည်း ပါမယ်။ အေးအေးဆေးဆေးလည်း နေချင်သေးတယ်။ တည်ငြိမ်ရင့်ကျက်တာလည်း ပါတာပေါ့နော်”
“ယောကျာ်းလေး တယောက်ကိုလည်း တွေ့တွေ့ချင်း ယုံကြည်လို့ မရဘူး။ သူနဲ့ရေရှည် လက်တွဲကြည့်မှ၊ သူနဲ့ စကားပြောကြည့်မှ၊ သူနဲ့ခရီးသွားကြည့်မှ သူကိုယ့်ကို ဘယ်လိုသဘောထားနိုင်မလဲ၊ အပျော်ကြံတာလား၊ တကယ်ချစ်တာလား ဆိုတာတွေ အခုခေတ်မှာ တော်တော်စဉ်းစားရတယ်။ Relationship တခုတွဲမယ်ဆိုလည်း တော်တော်ကြာကြာ တွဲမှ အဆင်ပြေမှာပါ”လို့ သရုပ်ဆောင် နန်းခင်ဇေယျာက ပြောပါတယ်။
ဆက်လက်ပြီး နန်းခင်ဇေယျာက သူရွေးချယ်မယ့် လက်တွဲဖော် ချစ်သူပုံစံကိုလည်း အခုလိုပဲ ပြောပါတယ်။
“နန်းခင် ရွေးချယ်မယ့် ချစ်သူပုံစံက နန်းခင်ကို ချစ်ရမယ်၊ သစ္စာရှိရမယ်၊ နားလည်ပေးရမယ်၊ ကျားကျားယားယား ရှိရမယ်၊ နွဲ့နေရင် မကြိုက်ဘူး။ ကိုယ်တွေလို အနုပညာသမား တယောက်ကို နားလည်ပေးနိုင်တဲ့ သူနဲ့မှ အဆင်ပြေမှာပါ။ နန်းခင်ရဲ့အချစ်ရေးကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ထူးထူးခြားခြား ပြောပြစရာတော့ မရှိသေးပါဘူး”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
အချစ်က တည်ငြိမ်အောင်၊ ရင့်ကျက်အောင် လုပ်ပေးခဲ့တဲ့အတွက် အခုချိန်မှာ အပျိုကြီး ဖြစ်နေတာ ဆိုတဲ့ နန်းခင်ဇေယျာက ဖူးစာကံ ပါလာရင်တော့ အိမ်ထောင်ပြုဖြစ်မှာပါလို့ ဆိုပါတယ်။
“အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ခံစားခဲ့ရတာတွေ ရှိခဲ့ဖူးတဲ့အတွက် အခုချိန်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတာပါ။ အချစ်ရေးနဲ့ ပတ်သက်လို့တော့ အကောင်း၊ အဆိုး မသတ်မှတ်ပါဘူး။ နှစ်ယောက်သား ချစ်ခဲ့တယ်၊ ကြိုက်ခဲ့တယ်။ ရေရှည်မှာ တယောက်ကို တယောက် နားလည်မှုတွေ မပေးနိုင်ကြတဲ့ အချိန်မှာ လမ်းခွဲခဲ့တာပဲရှိတယ်။ အမုန်းတရားနဲ့ လမ်းခွဲခဲ့တာတော့ မရှိပါဘူး။ တယောက်ကို တယောက်နားလည်မှု ပေးပြီးတော့ပဲ လမ်းခွဲခဲ့တာပါ။ အချစ်က ကိုယ့်ကိုပြန်ပြီးတော့ တည်ငြိမ်အောင်၊ ရင့်ကျက်အောင် လုပ်ပေးခဲ့တဲ့အတွက် အခုချိန်မှာ အပျိုကြီးဖြစ်နေတာပါ”
“အချစ်ရေး ကံကောင်းတဲ့အထဲမှာ နန်းခင် မပါဘူး။ နန်းခင်က မစွံပါဘူး။ အချစ်ဆိုတာက ကြိုတင်မျှော်လင့်ထားလို့လည်း မရဘူးလေ။ လူတယောက်ကို မြင်တဲ့အချိန်မှာ ကိုယ့်ရင်ခုန်သံ စည်းချက်လေးက ဒုန်း ဒုန်း ဒုန်း ဖြစ်လာမှပဲ အချစ်ဆိုတာ ဖြစ်လာတာပါ။ နန်းခင်က သံယောဇဉ် ကြီးတတ်တယ်။ အချစ်နဲ့ ပတ်သက်ရင် ထိရှခံစားလွယ်တယ်။ တခုခုဆိုရင် အရမ်းခံစားလွယ်တယ်။ အဲ့ဒါကြောင့် ခံစားရမယ့် ကိစ္စမျိုးဆို မကြုံချင်တော့ဘူး။ အိမ်ထောင်ရေးကတော့ ကိုယ့်မှာ ဖူးစာကံ ပါလာရင်တော့ အိမ်ထောင်ပြုဖြစ်မှာပါ”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူးနေပါတယ်။ Miss International အလှမယ် ပြိုင်ပွဲကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲ ဝင်ရောက်လာတဲ့ နန်းခင်ဇေယျာက “Non Stop” ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိခဲ့ပါတယ်။
You may also like these stories:
အချစ်ရေးကို မတွေးနိုင်သေးတဲ့ အလှမယ် ဟန်တီ
“မျက်လုံး အိုက်တင်တွေကို မကြီးစိုးက သင်ပေးတယ်”လို့ နန်းခင်ဇေယျာ ပြော