စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Asian Academy Creative Awards 2019 ဆုပေးပွဲမှာ “Best Actress in a Supporting Role” (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင်ဆု) ကို ကလေးသရုပ်ဆောင် ပြည့်ပြည့်က “လိပ်ပြာစံအိမ်”ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
“နိုင်ငံ ၁၃ နိုင်ငံ ပြိုင်တာ၊ ပြိုင်ပြီးတော့မှ သမီးက ဇာတ်ပို့ဆု ရတာပါ။ သမီးကို ဖိလစ်ပိုင် မင်းသမီးရယ်၊ မကစ် (ဝတ်မှုံရွှေရည်) ရယ်က ဆုပေးတာ။ ဒီဆုရတော့ အရမ်းလည်းပျော်တယ်။ ငိုလည်း ငိုချင်တယ်။ စင်ပေါ်မှာလည်း ငိုတယ်။ အမေတို့ဆိုလည်း ဝမ်းသာလို့ အရမ်းငိုတာ။ မကစ်ကလည်း သမီးရတာ အရမ်းပျော်တယ်။ ဒါပေမဲ့ မကစ် မရတော့ သိပ်ဝမ်းမသာဘူး ပြောလိုက်တာ မကစ်က ဘာမှ မဖြစ်ဘူး။ အစ်မက ညီမလေးရတာ အရမ်းပျော်တယ်လို့ ပြောတယ်”
“ဆုကြေညာခါနီး ခံစားချက်က တခြားနိုင်ငံက မင်းသမီးတွေက အရမ်းကောင်းတယ်ပေါ့။ မရတော့ဘူး ထင်နေပြီး မေတ္တာပဲ ပို့နေတာ။ ‘Pyae Pyae, Myanmar’ လို့ ပြောတော့ အရမ်းပျော်သွားတယ်။ ဆုရသူတွေ၊ လာတဲ့သူတွေ အကုန်လုံးက Congratulations လို့ လာပြောကြတယ်။ သမီး လိပ်ပြာစံအိမ် ရိုက်တုန်းက အခါ ၃၀ လောက် ရိုက်ခဲ့ရတယ်။ အခက်အခဲတွေ အများကြီး ရှိခဲ့တဲ့ကားပါ။ သမီးပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြည့်ပြည့်က ပြောပါတယ်။
ပြည့်ပြည့်ရဲ့ မိခင်ဖြစ်သူ မအေးနွယ်နွယ်သိန်းကတော့ ဆုကြေညာချိန်မှာ ကြားရတာ ယုံတောင် မယုံနိုင်ခဲ့ဘူးလို့ ဆိုပြီး ပြည့်ပြည့် ဆုရတဲ့အတွက်လည်း အတိုင်းမသိ ပျော်တယ်လို့ ဆိုပါတယ်။
“မိခင်တိုင်းကတော့ ကိုယ့်သားသမီး ဆုရတယ်ဆိုတော့ ပျော်တယ်။ ကျမလည်း အတိုင်းမသိ ပျော်တယ်။ သူ့ထက် အရမ်းတော်တဲ့ ဝါရင့်၊ သမ္ဘာရင့်တွေ ကြားထဲမှာဆိုတော့ မမျှော်လင့်ရဲဘူး။ ကျမတို့ လိပ်ပြာစံအိမ် ဇာတ်ကားက Regional Winner ဆု ၆ ဆု ရပြီးသားပေါ့။ အဲ့မှာမှ ၁၃ နိုင်ငံထဲက Best Actress in a Supporting Role ဆုရတာပေါ့။ ကြားရတဲ့အချိန်မှာ ယုံတောင် မယုံနိုင်ဘူး။ အိပ်မက်လားပေါ့။ အဲ့လိုမျိုး ခံစားရတယ်။ အရမ်းပျော်ပါတယ်”
“သမီးကို အကုန်လုံးချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ အခု လောလောဆယ်တော့ သမီးကလည်း စာမေးပွဲ ရှိနေသေးတာရယ်။ ကျမလည်း မိုင်းဆတ်မှာ ကျောင်းဖွင့်ဖို့ ရှိသေးတာကြောင့် ဂုဏ်ပြုပွဲတို့၊ အလှူတို့တော့ လုပ်ဖြစ်ဦးမှာ မဟုတ်သေးပါဘူး”လို့ ပြည့်ပြည့်ရဲ့ မိခင် မအေးနွယ်နွယ်သိန်းက ပြောပါတယ်။
“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကို Brave Entertainment မှ ထုတ်လုပ်ပြီး ထိုင်း ဒါရိုက်တာ Chatchai Katenut ရိုက်ကူးထားပါတယ်။ ဇာတ်ကားမှာ သရုပ်ဆောင်များအနေနဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက “Asian Academy Creative Awards 2019” ဆုပေးပွဲမှာ Regional Winner ဆု ၆ ဆု ရရှိခဲ့ပါတယ်။