Entertainment

၂၀၂၀ ရောက်ရင် မန္တလေးမှာ One Lady Show လုပ်မယ့် အဆိုတော် ပိုပို

အဆိုတော် ပိုပိုကတော့ သူမရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလထဲ မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ မန္တလေးမှာ One Lady Show လုပ်မယ့် အကြောင်းကိုလည်း ပိုပိုက အခုလိုပဲ ပြောပါတယ်။

“ပိုပို့ရဲ့ One Lady Show ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ Yadanarbon Event Park မှာ လုပ်ပါမယ်။ ပထမ ၁၂ လပိုင်းမှာ လုပ်မလို့ စပွန်ဆာ မရသေးတာတကြောင်း၊ ကွင်းအနေအထားကိုလည်း ပြောင်းလိုက်တာတကြောင်း၊ အချိန်တွေ ပိုလိုချင်တာတကြောင်း၊ အချိန်တွေ ပိုလိုချင်တယ်ဆိုတာ ပိုတို့ သီချင်း တိုက်ရမယ်။ အက တိုက်ရမယ်။ ဆိုရမယ်။ အဲ့အတွက် အချိန်ရအောင်ရယ်၊ နောက်ပထမဆုံး ဖြစ်နေတဲ့အတွက် အာရုံ ပိုထားချင်လို့ နောက်နည်းနည်း ရွှေ့လိုက်တာပေါ့”

“မန္တလေးကရော၊ တနိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေက ပိုပို သီချင်း စဆိုကတည်းက ချစ်ကြတယ်၊ အားပေးကြတယ်။ မန္တလေးတင် မကဘူး။ မုံရွာ၊ စစ်ကိုင်း၊ ပြင်ဦးလွင်က သူတွေလည်း ပိုပို့ကို ချစ်ကြတာဆိုတော့ လုပ်ဖြစ်သွားတာ။ ရန်ကုန်က ပရိသတ်လည်း ပို့ကို ချစ်ကြပါတယ်။ ရန်ကုန်က EDM အရမ်းများတော့ ရန်ကုန် ပရိသတ်ကို နည်းနည်းကြောက်လို့ မန္တလေးမှာ ပထမဆုံး လုပ်ဖြစ်တာပါ။ စပွန်ဆာ မရရင် တိုက်တော့ မရောင်းဘူး။ တိုက်ရောင်းလိုက်ရင် နေစရာ မရှိဖြစ်သွားမှာပေါ့။ ကားရောင်းမှာပေါ့”လို့ ပိုပိုက ပြောပါတယ်။

“ချစ်ဖူးခဲ့သမျှ” သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင် ရရှိခဲ့တဲ့ အဆိုတော် ပိုပိုရဲ့ ဂီတခရီးလမ်းကတော့ အခုချိန်မှာ ဆယ်စုနှစ် တစု ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

“ပိုပိုက အခုဆိုရင် ဂီတလောကထဲမှာ ဆယ်စုနှစ် တခုအကြာ ရပ်တည်ခဲ့ပြီးတဲ့အချိန်မှာ တေးအယ်လ်ဘမ်တွေနဲ့ ကိုယ်ပိုင် တေးသီချင်းပေါင်များစွာကို ပိုင်ဆိုင်ထားခဲ့ပြီးပြီ။ ပိုကိုယ်တိုင်ရေးဖွဲ့ပြီး သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း ပိုချစ်တဲ့ ၊ ပို့ကိုချစ်တဲ့ ပရိသတ် အများရဲ့ ရင်ဘတ်နဲ့ ထပ်တူကျခဲ့မယ်လို့လည်း ယုံကြည်ထားခဲ့တယ်။ အခုဆိုရင် အဆိုတော်တိုင်းမှာ ကိုယ်စီရှိကြပြီး ပန်းတိုင်လေးတခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် စိတ်အားထက်သန်နေပါပြီ”

“၂၀၁၉ ခုနှစ်က ပိုပိုအရမ်း Strong ဖြစ်လာတယ်။ အရင်ဆို ဒေါသအရမ်းထွက်တာ။ နောက်ပိုင်း ဒေါသသိပ်မထွက်တော့ဘူး။ ၂၀၁၉ က ကံကောင်းတယ်။ ပို လိုချင်တဲ့ အိမ်လည်း ရတယ်။ One Lady Show လုပ်ချင်တဲ့ အိပ်မက်တွေလည်း မက်ခွင့်ရတယ်။ ကိုယ့်ကို အရမ်းချစ်တဲ့သူလည်း ရှိနေပြီ။ အဲ့တော့ ကံကောင်းတဲ့နှစ်လို့ ပြောရမယ်”လို့ ပိုပိုက ပြောပါတယ်။

အဆိုတော် ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ၊ “Master Pieces” စတဲ့ တကိုယ်တော် အခွေများ ထွက်ရှိထားပြီး ပရိသတ် အားပေးခြင်းခံရတဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။ သီချင်းတွေကို ချစ်တဲ့ ပိုပိုကတော့ ကိုယ်ပိုင် စတူဒီယို တခုလည်း ဖွင့်ထားပြီး သီချင်းများစွာကို ဖန်တီးနေသူလည်း ဖြစ်ပါတယ်။

Loading