၂၀၁၉ ခုနှစ်၊ မယ်စကြာဝဠာပြိုင်ပွဲမှာ တောင်အာဖရိက အလှမယ်က သရဖူကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ဒီဇင်ဘာလ ၈ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲ အဆုံးသတ်မှာ တောင်အာဖရိက အလှမယ် Zozibini Tunzi က ယမန်နှစ် မယ်စကြာဝဠာဆုရှင် ဖိလစ်ပိုင်အလှမယ် Catriona Gray ထံကနေ သရဖူကို လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။
သရဖူပိုင်ရှင်အဖြစ် ကြေညာခံခဲ့ရပြီးနောက် နောက်ဆုံး နှုတ်ဆက်စကားပြောဆိုချိန်မှာ အလှမယ် Zozibini က သူနဲ့ အသားအရောင်၊ ဆံပင်ပုံစံ ဆင်တူတဲ့သူတွေကို လှပတယ်လို့ အသိအမှတ်ပြုတဲ့ ကမ္ဘာမှာ ကြီးပြင်းခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူက “ဒီနေ့မှာတော့ အဲ့ဒီ အချိန်ကာလ ရပ်တန့်သွားပြီလို့ ထင်ပါတယ်။ ကျမရဲ့ မျက်နှာကို ကြည့်ကြမယ့် ကလေးတွေကို လိုချင်ပါတယ်။ ကျမရဲ့ မျက်နှာမှာ ရောင်ပြန်ဟပ်နေတဲ့ သူတို့တွေရဲ့ မျက်နှာကို မြင်စေချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
1st Runner-up ဆုကိုတော့ Puerto Rico အလှမယ် Madison Anderson က ရရှိခဲ့ပြီး 2nd Runner-up ဆုကိုတော့ မက္ကဆီကို အလှမယ် Sofia Aragon က ရရှိခဲ့ပါတယ်။ ထိပ်တန်း ၁၀ ဦးစာရင်းမှာ ဝင်ခဲ့တဲ့ အလှမယ်တွေကတော့ ကိုလံဘီယာ၊ ပြင်သစ်၊ အိုက်စ်လန်၊ အင်ဒိုနီးရှား၊ ပီရူး၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ အလှမယ်တွေ ဖြစ်ကြပါတယ်။
အစီအစဉ် တင်ဆက်သူ Steve Harvey ကလည်း အွန်လိုင်းမဲစနစ်နဲ့ ရွေးချယ် ဆုံးဖြတ်တဲ့ အကောင်းဆုံး နိုင်ငံကိုယ်စားပြု ဝတ်စုံဆုကို ကြေညာရာမှာ အမှားအယွင်းဖြစ်ပေါ်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်က မယ်စကြာဝဠာအလှမယ် ပြိုင်ပွဲ မှာလည်း အနိုင်ရရှိသူကို နာမည်မှားယွင်းပြီး ကြေညာခဲ့ဖူးပါတယ်။
ဒီနှစ်အတွက် အကောင်းဆုံးနိုင်ငံ ကိုယ်စားပြုဝတ်စုံဆုအတွက် မလေးရှားအလှမယ် Shweta Sekhon က ရရှိခဲ့တာဖြစ်ပေမယ့် ဖိလစ်ပိုင်အလှမယ် Gazini Ganados က ရရှိခဲ့တာဖြစ်ကြောင်း မှားယွင်းကြေညာခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးနိုင်ငံကိုယ်စားပြု ဝတ်စုံဆုကို ရရှိခဲ့တဲ့ မလေးရှားအလှမယ်ရဲ့ ဝတ်စုံကို “A Peranakan Indulgence” လို့ နာမည်ပေးထားပြီး Peranakan လူမျိုးစုရဲ့ ကြွယ်ဝချမ်းသာတဲ့ သမိုင်းအမွေကို ပုံဖော်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဝတ်စုံမှာ Kebaya ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ အတောင်ပံ နှစ်ဖက်ပါရှိပါတယ်။
အဲ့ဒီဝတ်စုံဒီဇိုင်းကို ဖန်တီးခဲ့တဲ့ မလေးရှားဖက်ရှင်ဒီဇိုင်နာ Carven Ong ဟာ “Crazy Rich Asians” ရုပ်ရှင်မှာလည်း ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ဆွေဇင်ထက်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နိုင်ငံကိုယ်စားပြု ဝတ်စုံယှဉ်ပြိုင်မှုမှာတော့ ““လယ်တောသူမလေး ကောက်ရိတ်ချိန်” လို့ အမည်ရတဲ့ ဝတ်စုံကို ပြသခဲ့ပါတယ်။