အချစ် ဇာတ်လမ်းကောင်းတွေ ရိုက်တတ်တဲ့ ဒါရိုက်တာ အောင်မြတ်က “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားပြီးနောက် “Love Equation” ဆိုတဲ့ အချစ်ဇာတ်ကား ထပ်မံ ရိုက်ကူးထားပြီး ဒီဇာတ်ကားအကြောင်းကို အခုလိုပဲ ပြောပါတယ်။
“Love Equation ကားက ပြီးခဲ့တဲ့နှစ် ၂၀၁၈ အောက်တိုဘာလောက်က ထုတ်လုပ်ရေးက ကိုကောင်းကျော်နဲ့ စကားပြောဖြစ်တယ်။ ကိုကောင်းကျော်တို့က အရှေ့မှာ အချစ်ကားတကား ရိုက်ဖူးထားတော့ နောက်ထပ် အချစ်ကားတကား ရိုက်ချင်တယ်ပြောတယ်၊ ကျနော့်မှာရှိတဲ့ ဇာတ်လေးကို ပြောပြခဲ့တော့ သူတို့ သဘောကျတာနဲ့ ရိုက်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကတည်းက ဘယ်သူတွေနဲ့ ရိုက်မလဲ၊ ဘယ်နေရာမှာ ရိုက်မလဲဆိုပြီး ဆွေးနွေးပြီးတော့ ရိုက်ဖြစ်ပါတယ်”
“သရုပ်ဆောင်တွေ ရွေးတော့လည်း ဇာတ်လမ်းအတွက်ရော Pre Prodution အတွက်ရော အချိန်ပေးနိုင်မယ့်သူတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒီကားက ရိုမန့်တစ်ဆန်အောင် တမင် လုပ်ထားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာတွေကို ထည့်ထားဆိုရင် ပိုမှန်မယ်။ အရင်ကတည်းက စဉ်းစားမိတာလေးတွေ ကိုယ်တိုင်ကြုံရတာတွေ၊ ကိုယ်လုပ်ပေးချင်တဲ့ အရာလေးတွေ ထည့်ထားတယ်။ အချစ်ကားဆိုပေမဲ့ အရင်ရိုက်ခဲ့တဲ့ အနမ်းဝိုင်နဲ့တော့ ကွာမယ်။ Love Equation ကားက လူငယ်ဆန်ဆန် သဘာဝကျကျနဲ့ အချစ်ကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာပါ”လို့ ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ အောင်မြတ်က ကြိုးစားရင် ရုံပိုင်ရှင်ရော ပရိသတ်ကပါ စိတ်ဝင်စားတာကြောင့် ရုံတင်ခွင့်ရဖို့အတွက် ပိုကြိုးစားပြီး ပိုကောင်းအောင် ရိုက်မယ် ဆိုပါတယ်။
“Love Equation ကားကို နေ့မှာ ရိုက်ပြီး၊ ညမှာ Edit လုပ်တာကြောင့် အခု တော်တော်ပြီးသွားပြီ။ သရုပ်ဆောင်တွေကတော့ ဒေါင်း၊ သက်မွန်မြင့်၊ ဖွေးဖွေး အဓိကပါတယ်။ တခြား သရုပ်ဆောင်တွေလည်း ပါသေးတယ်။ စီစဉ်ထားတဲ့ ရုပ်ရှင်တွေလည်း ၂ နှစ်စာလောက် Plan ထားတာတွေ ရှိတယ်။ အနမ်းဝိုင်တုန်းက ၂၀၁၅ မှာ ရိုက်တယ်။ ၂၀၁၈ နှစ်ဆန်းမှာ ရုံတင်ရတယ်။ ရိုက်ပြီး ၃ နှစ်လောက် စောင့်ခဲ့ရတယ်။
သန်းခေါင်ယံကားဆို သိပ်မကြာလိုက်ဘူး၊ ရုံတင်ခွင့် ရတယ်။ ကျနော့်အနေနဲ့ ရုံပိုင်ရှင်က သဘောကျတယ်ဆိုရင် တင်ခွင့်ရတာဖြစ်တဲ့အတွက် ကျနော်တို့ကြိုးစားရင် ရုံပိုင်ရှင်ကရော ပရိသတ်ကရော စိတ်ဝင်စားမယ်ဆိုရင် တင်ခွင့်ရမယ်ဆိုတာ ပိုပြီးခံစားရတယ်။ ကျနော် ပိုကြိုးစားပြီး ပိုကောင်းအောင်ရိုက်မှာပါ”လို့ ဒါရိုက်တာ အောင်မြတ်က ဆိုပါတယ်။
ဇာတ်ကားကောင်းတွေ ရိုက်ကူးတတ်သလို Music Video တွေလည်း ပရိသတ် အကြိုက်တွေ့အောင် အိုင်ဒီယာ ဆန်းဆန်းနဲ့ ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ အောင်မြတ်ရဲ့ ပထမဆုံးရုပ်ရှင် “အနမ်းဝိုင်” ဇာတ်ကားကို လူငယ်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒါရိုက်တာ အောင်မြတ်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ “သန်းခေါင်ယံ” ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ မှာ ရုံတင် ပြသနေပြီ ဖြစ်ပါတယ်။
You may also like these stories:
သက်မွန်မြင့်နဲ့ ဖွေးဖွေးကို အတူတွဲမြင်ရမယ့် “Love Equation” အချစ်ဇာတ်ကား
မင်းသမီးဘဝနဲ့ အိမ်ထောင်ရှင်မ ဘဝကို ရုန်းကန်နေရတဲ့ သက်မွန်မြင့်
လူမနေတဲ့ အိမ်အကြီးကြီးမှာ သရဲကား ရိုက်ခဲ့ရတဲ့ ဒါရိုက်တာ အောင်မြတ်