တေးသီချင်းများစွာကို အေးအေးလေးတွေ သီဆိုလေ့ရှိပြီး အခုအချိန်ထိ ပရိသတ်ရဲ့အားပေးမှု ရနေဆဲဖြစ်တဲ့ အဆိုတော် ဟေမာနေဝင်းကတော့ အခုခေတ်မှာ သီချင်းဆိုပြိုင်ပွဲများစွာ ပေါ်ထွက်လာတာဟာ သီချင်းလုပ်ဖို့ မသိသေးတဲ့သူများအတွက် လမ်းဖွင့်ပေးတာနဲ့ တူတယ်လို့ ပြောပါတယ်။
“ဆိုတတ်တဲ့သူတွေကို လမ်းဖွင့်ပေးတာနဲ့ အတူတူပဲပေါ့။ ကျမတို့တုန်းကကျတော့ ကျမတို့ အဖေက နာမည်ကြီးတယ်။ ကျမတို့က သီချင်းဆိုတတ်တာကို သိတဲ့အတွက်ကြောင့် လမ်းကြောင်းပေါ်ကို မြန်မြန်ရောက်တယ်။ ဆိုတတ်တဲ့သူတွေက ဘယ်ကိုသွားရမလဲ မသိဘူး။ ဘယ်လိုလုပ်ရမလဲ မသိတဲ့သူတွေက အခုလို လမ်းဖွင့်ပေးတဲ့အခါကျတော့ အများကြီး ကောင်းပါတယ်”လို့ ဟေမာနေဝင်းက ပြောပါတယ်။
လတ်တလောပြုလုပ်နေတဲ့ Myanmar Idol ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီးတော့လည်း တခါတရံမှာ ကြည့်ဖြစ်ပြီး အယောက်စီတိုင်းကို မသိပေမယ့် အသံတွေကောင်းကြပါတယ်လို့ ဆိုပါတယ်။
“အယောက်စီတိုင်းကိုတော့ မသိဘူး။ ၃ ၊ ၄ယောက်လောက်တော့ နားထောင်ဖူးတယ်။ ဆံပင်ကောက်ကောက်နဲ့ ကောင်လေး တယောက်ရယ်၊ ဗမာနာမည်နဲ့ တယောက်ရယ်၊ တိုင်းရင်းသူလေး တယောက်ရယ် သူတို့ဆိုတာကိုတော့ ဖြတ်သွားဖြတ်လာန ားထောင်လိုက်ရတယ်။ သူတို့တွေ အသံကောင်းပါတယ်” လို့ ဟေမာနေဝင်းက ပြောပါတယ်။
နားထောင်ဖူးတဲ့သူမှ ဘယ်သူ့ကို Winner ရစေချင်လဲဆိုတာကိုလည်း ဟေမာနေဝင်းက အခုလို ဆိုပါတယ်။ “သိပ်တော့မသိဘူး။ ဆိုတဲ့ကလေးတွေ အသံကောင်းတာတော့သိတယ်။ ဘယ်သူရမလဲ ဆိုတာကတော့ အကုန်လုံး တော်နေတဲ့အတွက် ရစေချင်တယ်။ ဒါကတော့ Vote နဲ့သွားတာဆိုတော့ အဲ့အတိုင်း သွားမှာပေါ့” လို့ ပြောပါတယ်။
Myanmar Idol ပြိုင်ပွဲကြီးဟာ Voting စနစ်နဲ့ သွားနေတာဖြစ်တဲ့အတွက် ပရိသတ်တွေ ကောင်းတယ်ထင်တဲ့သူတွေက ပြိုင်ပွဲမှ ထွက်ခွာသွားရတာတွေ ရှိကြတဲ့အပေါ်မှာ သူမရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
“အဲဒါတော့ မဝေဖန်တတ်ဘူး။ လူတွေက ပါစင်နယ်အရ ဒီလူ့ကိုကြိုက်တယ် ကြိုက်တယ်ဆိုပြီးပေးတာတို့ ဒီလိုတော့ ရှိတယ်။ ဒါပေမယ့် ပွဲတိုင်းမှာ ဆုရသွားတဲ့ ကလေးတွေက အကုန်လုံး အသံကောင်းကြပါတယ်။ တကယ်လည်း ကောင်းတဲ့သူတွေပါပဲ”
“ဆိုးဆိုးရွားရွားဖြစ်ပြီး ရသွားတဲ့သူတွေတော့ မဟုတ်ဘူးလေ။ ကျမအနေနဲ့ မဝေဖန်ချင်ပါဘူး။ လူတွေဝေဖန်သလိုတော့ မဟုတ်ဘူး။ လူတွေကတော့ တယောက်နဲ့တယောက် အတွေးအခေါ်တွေတော့ မတူဘူးပေါ့။ အဲဒါတွေကို ထိုင်ပြောနေလို့ မရဘူး” လို့ ဟေမာနေဝင်းက ပြောပါတယ်။
ကိုယ်တိုင်ကတော့ စိတ်ထဲကနေသာ ဘယ်လောက်ကောင်းကြောင်းကို သိနေပြီး သူများကို မဝေဖန်တတ်တဲ့အတွက် အကဲဖြတ်သွားဖို့ မရှိဘူးလို့ သိရပါတယ်။
“ပြိုင်ပွဲဝင်တွေက ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရမှာပေါ့။ ဒီသီချင်းတွေအပေါ်မှာ အာရုံထားရမယ်။ သူတို့မှာ Talent က ရှိပြီးသား၊ တော်တယ်လေ။ ကံတရားအရ ရသင့်တဲ့သူက ရသွားမှာပဲ။ တော်တာတော့တော်နေတာပဲ။ Vote နဲ့တော့ မဆိုင်ဘူး။ ဘာနဲ့မှ မဆိုင်ဘူး။ ကံကောင်းတဲ့သူက ရသွားမှာပဲ”လို့ ဟေမာနေဝင်းက ပြောပါတယ်။
ဟေမာနေဝင်းကတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အဆိုတော် တူးတူး၊ ချစ်ကောင်း ၊ ကော်နီတို့နဲ့ အတူ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမယ့် 80’s Classics Live Show မှာ ပါဝင် ဖျော်ဖြေသွားဖို့ရှိပြီး သီချင်းအသစ်များလည်း ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
မွေးနေ့ မတိုင်ခင် သီချင်းအသစ် ၁ ပုဒ် ထွက်မယ့် အဆိုတော် ကော်နီ
ဟေမန်ဆောင်း သီချင်းများနဲ့ ဒိုင်တွေကို သဘောကျစေခဲ့တဲ့ Myanmar Idol
“Myanmar Idol မှာ ဒီနှစ်ပြိုင်တဲ့ မိန်းကလေးတွေ အဆို အရမ်းကောင်းတယ်”လို့ အောင်ကိုလတ် ပြော