Entertainment

ရွှေကမ္ဘာလုံးဆု ဆန်ခါတင် ၃ ဆု ဝင်ခဲ့တဲ့ "Parasite" ရုပ်ရှင်

တောင်ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရိုက်ကူးထားတဲ့ “Parasite” ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲအတွက် ဆုအမျိုးအစား ၃ ခု လျာထားစာရင်းမှာ ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

လာမယ့်နှစ်၊ ဇန်ဝါရီလ ၅ ရက်နေ့ကျရင် Beverley Hills မှာ ပြုလုပ်မယ့် ၇၇ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင် စာရင်းတွေကို ကြေညာခဲ့ရာမှာ “Parasite” ရုပ်ရှင်ဟာ အကောင်းဆုံးနိုင်ငံခြား စကားပြောရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ စာရင်းမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒါဟာ တောင်ကိုရီယားနိုင်ငံကနေ ထုတ်လုပ်တဲ့ ရုပ်ရှင်အတွက် ဟောလိဝုဒ် နိုင်ငံခြားစာနယ်ဇင်း အသင်းကနေ ရွေးချယ်တဲ့ ရွှေကမ္ဘာလုံး နောက်ဆုံးအဆင့် စာရင်းမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

အကောင်းဆုံးနိုင်ငံခြား စကားပြောရုပ်ရှင်ဆုအတွက် “Parasite” ရုပ်ရှင်ဟာ ဒါရိုက်တာ Lulu Wang ရဲ့ “The Farewell”၊ ဒါရိုက်တာ Pedro Almodovar ရဲ့ “Pain and Glory” ၊ ဒါရိုက်တာ Ladj Ly ရဲ့ “Les Miserables” ၊ ဒါရိုက်တာ Celine Sciamma ရဲ့ Portrait of a Lady on Fire” ရုပ်ရှင်တို့နဲ့ အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Bong ကတော့ အကောင်းဆုံး ဒါရိုက်တာဆုအတွက် “Joker” ရုပ်ရှင်ရဲ့ Todd Phillips၊ “The Irishman” ရုပ်ရှင်ရဲ့ Martin Scorsese၊ “Once Upon a Time in Hollywood” ရုပ်ရှင်ရဲ့ Quentin Tarantino နဲ့ “1917” ရုပ်ရှင်ရဲ့ Sam Mendes တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အကောင်းဆုံး ဇာတ်ညွှန်းဆု အပိုင်းမှာတော့ အခု တောင်ကိုရီးယားရုပ်ရှင်နဲ့အတူ “Marriage Story” ၊ “The Two Popes”၊ “The Irishman” နဲ့ “Once Upon a Time in Hollywood” တို့ရဲ့ ဇာတ်ညွှန်းပညာရှင်တွေ ပါဝင်ကြပါတယ်။

ဒါရိုက်တာ Bong ရဲ့ သတ္တမမြောက် ရုပ်ရှင်ဖြစ်တဲ့ “Parasite” ရုပ်ရှင်ဟာ မမျှော်လင့်ထားတဲ့ အကြမ်းပတမ်း ဖြစ်ရပ်တွေအကြား လူချမ်းသာနဲ့ လူဆင်းရဲ မိသားစုတို့အကြား အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း Palme d’Or ဆုကြီးကိုလည်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ အမေရိကန်နိုင်ငံမှာ စတင်ပြသခဲ့ပြီး လက်မှတ်ရောင်းအား ဒေါ်လာ သန်း ၂၀ ကျော် ရှိခဲ့တဲ့အတွက် အမေရိကန်မှာ ပြသခဲ့ဖူးသမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။

L.A. ရုပ်ရှင်ဝေဖန်ရေးအသင်းကနေ ပေးအပ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် အမေရိကန် ရုပ်ရှင်ပွဲတော် တွေနဲ့ ဆုပေးပွဲတွေမှာ ဆုအရေအတွက် တော်တော်များများ ရရှိထားပါတယ်။ ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲရဲ့ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု ရုပ်ရှင်အဖြစ် တင်သွင်းဖို့ ရွေးချယ်ခံထားရပါတယ်။

အမေရိကန် မီဒီယာတွေကတော့ အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုအတွက် ဆန်ခါတင်စာရင်း ဝင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref: Yonhap

You may also like these stories:
Loading