ပြီးခဲ့တဲ့ရက်ပိုင်းက ပြီးဆုံးသွားခဲ့တဲ့ Miss Universe 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Lesbian (အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သူ) တယောက်ဖြစ်ကြောင်း ဝန်ခံခဲ့တာနဲ့ ပတ်သက်ပြီး MC တယောက်လည်းဖြစ်၊ ယခင်က မော်ဒယ်တယောက်လည်းဖြစ်တဲ့ ဂျက်ဆီကာဒါဒါက ချီးကျူးစကား ပြောခဲ့ပါတယ်။
“သူပြောထားတဲ့ဟာလေး ဖတ်လိုက်ရတယ်။ အရမ်း အံ့သြသွားတယ်။ သူ့ကိုအပြင်မှာ မြင်ဖူးတယ်။ ကောင်မလေးက မိန်းကလေး ဆန်တယ်။ အမှန်အတိုင်းပြောရရင် ဒီလိုမျိုး မိန်းကလေးဆန်တဲ့ သူတွေလည်း အများကြီးပဲ။ Lesbian တိုင်း ယောကျ်ားဆန်ရမယ်မှ မဟုတ်တာ။ သူအဲ့လိုမျိုး ထုတ်ပြလိုက်တာ သူ့ရဲ့သတ္တိကို အရမ်းပဲ ချီးကျူးချင်တယ်”လို့ ဂျက်ဆီကာဒါဒါက ဧရာဝတီကို ပြောပါတယ်။
“တကယ့် ကမ္ဘာပလက်ဖောင်း အကြီးကြီးပေါ်မှာ ထုတ်ပြသွားတာ။ ဘယ်သူတွေ ဘယ်လိုပြောတာကိုမှ ဂရုမစိုက်ဘူး။ သူ့ရဲ့ခံယူချက်နဲ့ ဒီဟာက ဒီလိုပဲ။ နောက်ပြီးတော့ LGBTQ Community ကို Grow ဖြစ်အောင်လုပ်ပေးတာ သူ့စိတ်ဓာတ်က လေးစားစရာ ကောင်းပါတယ်” လို့ ဂျက်ဆီကာဒါဒါက ဆိုပါတယ်။
အခုလို ဝန်ခံလိုက်ခြင်းအားဖြင့် LGBT (Lesbian, Gay, Bisexual, Transgender) အသိုင်းအဝိုင်းကိုလည်း အများကြီး အထောက်အပံ့ပေးရာ ရောက်ပြီး မြန်မာနိုင်ငံမှ လူတော်တော်များများက အနုပညာရှင်များရဲ့ လွှမ်းမိုးမှုကို ခံရတဲ့အတွက် ပြောင်းလဲမှုများ ဖြစ်လာလိမ့်မယ်လို့ထင်ကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့လွှမ်းမိုးမှုကို ခံရတယ်။ လွှမ်းမိုးမှုကို ခံရတယ်ဆိုတာ သူတို့ကအနုပညာရှင်တွေကို သိပ်ချစ်တယ်။ သူတို့ချစ်တဲ့ အနုပညာရှင်ကပြောရင် အဲ့အတိုင်း လိုက်လုပ်တယ်။ အဲ့တော့ ကျမအထင် ဒီလိုအနုပညာရှင်တွေက ရှေ့ကနေ ဦးဆောင်နိုင်တယ်ဆိုရင် ကျမတို့မြန်မာနိုင်ငံကြီး တနိုင်ငံလုံးကိုတောင် ပြောင်းလဲနိုင်မယ်လို့ ထင်တယ်”
“ဥပမာ အရမ်းနာမည်ကြီးတဲ့ အနုပညာရှင်တယောက်က အမှိုက်တွေ ကောက်ကြမယ်ဟေ့ဆိုရင် အကုန်လုံး လိုက်ကောက်ကြမှာပဲ။ သူကလည်း ဒီလို Movement မှာ ဒီလိုပါဝင်တဲ့အတွက် ကျမတို့နိုင်ငံကြီးပြောင်းလဲပြီး ပွင့်လင်းမြင်သာလာလိမ့်မယ်လို့တော့ ထင်တာပဲ” လို့ ဂျက်ဆီကာဒါဒါက ပြောပါတယ်။
Lesbian တယောက်ဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့အပြင် ချစ်သူနဲ့ပတ်သက်ပြီးတော့လည်း ဖွင့်ဟဝန်ခံချက်အပေါ်မှာလည်း သူ့အမြင်ကို အခုလို ဆိုပါတယ်။
“အမှန်တော့ ရည်းစားရှိတာဘာဖြစ်လဲ ကျမတို့တွေလည်း ရည်းစားရှိတာပဲ။ ကျမတို့တွေက ပတ်ဝန်းကျင်ရဲ့ ရည်းစားရှိတယ် ဘာညာဆိုပြီးပြောတာကို မခံချင်လို့သာ အကုန်လုံးကတော့ သူ့ဟာနဲ့သူ ရည်းစားရှိတာပဲ။ Gay ရည်းစားရှိတာလည်း ထူးဆန်းတာ မဟုတ်သလို ရိုးရိုး သာမန်လူတွေရည်းစားရှိတာလည်း မထူးဆန်းပါဘူး။ သူကတော့ Gay ဆိုတာကို ချပြတယ်။ ချစ်သူရှိတယ်ဆိုတာကိုလည်း ပြောပြသွားတယ်။ အဲ့လိုမျိုးပဲ”လို့ ပြောပါတယ်။
ဂျက်ဆီကာဒါဒါအနေနဲ့လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမျိုးသမီး တော်တော်များများရဲ့ သဘောကျ နှစ်သက်ခြင်းခံရပြီး အထူးသဖြင့် သူ့ရဲ့စာအရေးအသားများကို သဘောကျ နှစ်သက်ကြတာပဲဖြစ်ပါတယ်။
“ကျမရေးတဲ့ Caption တွေဆိုတာ လူတွေ ဘယ်သူတွေ ဘယ်လိုတွေများ ခံစားနေရမလဲဆိုတာကိုတွေးပြီးတော့ Relate ဖြစ်မယ့်ဟာကို ရေးတာ။ ကျမရဲ့ကိုယ်တွေ့အတိအကျကို ရေးတာ မဟုတ်ဘူး။ တခါတလေကျရင် ကျမရဲ့အတွေ့အကြုံ ပါတယ်။ တခါတလေကျရင် သူများတွေဖြစ်နေတာကို တွေ့ပြီးတော့ ဒါလေးတော့ ဒီလိုလေးရေးလိုက်ရင် ဘယ်သူတွေ Relate ဖြစ်သွားမလဲဆိုတာ အဲဒါမျိုးတွေရေးတာပါပဲ”လို့ ပြောပါတယ်။
အဆိုပါ စာများကိုတော့ ပျော်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဟာသများ ရောစပ်ကာ ရေးသားခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကျမက ကိုယ့်ဘာသာ ဟာသရေးတာလေ။ လူတွေကို ပျော်စေချင်တဲ့ သဘောနဲ့ရေးတာ တခြားသူတွေရေးတာက ကျမနဲ့ မဆိုင်ဘူး။ ကျမ ရေးတာကတော့ လူတွေကိုပျော်စေချင်တယ်။ ရယ်စေချင်တယ်။ ဟာသအနေနဲ့ ကျမရေးတဲ့ ပို့စ်တွေတော်တော်များများက ဟာသအနေနဲ့ရေးတာ များတယ်”
“ ဒါပေမယ့် တချို့လူတွေက ဟာသကို ဟာသအနေနဲ့ မမြင်ဘဲနဲ့ စာကို သေချာမဖတ်ဘူး။ ဟာသကို ဟာသလို မမြင်ဘဲနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ် ပြောတဲ့လူတွေ ရှိတယ်။ အဲဒါမျိုးတွေဆို Block ပစ်ပါတယ်” လို့ ပြောပါတယ်။
စာရေးဆရာဗျူးရဲ့ သမီးဖြစ်တဲ့ ဂျက်ဆီကာဒါဒါကတော့ တချိန်က မော်ဒယ်တယောက်အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် အခုအချိန်မှာ MC အနေနဲ့ Radio Show များ၊ TV Show များကို တင်ဆက်လျက်ရှိပါတယ်။
You may also like these stories:
အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ရင်ထဲက အကယ်ဒမီ ပေးထားပြီးသားလို့ မေတိုးခိုင် ပြော
မွေးနေ့ မတိုင်ခင် သီချင်းအသစ် ၁ ပုဒ် ထွက်မယ့် အဆိုတော် ကော်နီ
“ကျနော် Gay တယောက် မဟုတ်ဘူး”လို့ ပြောလိုက်တဲ့ သရုပ်ဆောင် ဒေါင်း