ဂူးဂူးလို့ လူသိများတဲ့ တရုတ်မင်းသမီး Liu Yi Fei ဟာ မကြာမီ ရုံတင်တော့မယ့် Disney ရဲ့ “Mulan” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာ Li Shang နဲ့ Mushu ဇာတ်ကောင်တွေကို ဖယ်ရှားလိုက်တာကြောင့် ပရိသတ်တွေ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပေမယ့် အမျိုးသမီး စစ်သည်တော် အဖြစ် မင်းသမီး Liu ကို မြင်တွေ့ရမှာ ဖြစ်တာကြောင့် ပရိသတ်တွေက အထူးစိတ်လှုပ်ရှားနေကြပါတယ်။
အမျိုးသမီး စစ်သည်တော် မူလန်အဖြစ် သရုပ်ဆောင်မယ့် အသက် ၃၂ နှစ်အရွယ် မင်းသမီး Liu နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မူလန်အဖြစ် ၁၀၀၀ မှာ ၁ ယောက်ရွေးချယ်ခံရမှု
ပထမဆုံးသိရမယ့် အကြောင်းအရာတခုကတော့ မင်းသမီး Liu ဟာ ဒီမူလန်ဇာတ်ကောင်နေရာမှာ ပါဝင် သရုပ်ဆောင်ရဖို့ လူအယောက် ၁၀၀၀ ထဲကနေ ၁ ယောက်တည်း ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လူရွေးပွဲတွေကို ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ ပွဲပေါင်း ၁၀၀၀ ကျော် ကျင်းပခဲ့ပါတယ်။
မူလန်အဖြစ် ရွေးချယ်မယ့် အချက်တွေထဲမှာ အင်္ဂလိပ်စကားကျွမ်းကျင်မှု၊ သိုင်းကျွမ်းကျင်မှုတွေ ပါဝင်ပါတယ်။ ပြိုင်ပွဲဝင်ပေါင်း ၁၀၀၀ ကျော်ကို ကျော်ဖြတ်လာခဲ့တဲ့ မင်းသမီးတယောက်ရဲ့ ထူးခြားတဲ့ စွမ်းရည်ကို မကြာမီ မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။
၂။ တခြားနာမည်တွေရှိတဲ့ မင်းသမီး Liu
Liu Yifei ဆိုတာကတော့ မင်းသမီးရဲ့ မွေးနာမည် မဟုတ်ပါဘူး။ မွေးတဲ့အချိန်တုန်းက ဖခင်ရဲ့ မျိုးရိုးနာမည်ကို ယူပြီး An Feng လို့ နာမည် ပေးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မင်းသမီးဟာ မိဘနှစ်ဦးကွာရှင်းခဲ့ပြီးတဲ့ နောက် သူ့ရဲ့ မျိုးရိုးနာမည် ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ မိခင်ရဲ့ မျိုးရိုးနာမည်ကိုယူပြီး Liu Ximeizi လို့ နာမည်ယူခဲ့ပေမယ့် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ Liu Yifei လို့ ခေါ်ဆိုစေခဲ့ပါတယ်။ အဲ့ဒီနောက် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ ပရိုမိုးရှင်းလုပ်ဖို့အတွက် Crystal Liu ဆိုတဲ့ နာမည်ကို ယူသုံးခဲ့ပါတယ်။
၃။ လှပသောနှမငယ်လေး ဆိုတဲ့နာမည်ပြောင် ရရှိမှု
Yifei ဆိုတဲ့နာမည်ဟာ တရုတ်ပြည်မှာတော့ လှပသောနှမငယ်လေးလို့ အဓိပ္ပါယ်ရပြီး အဲ့ဒီနာမည်ကို ၂၀၀၅ ခုနှစ်တုန်းက အနုပညာလောကထဲ စတင်ဝင်ရောက်လာချိန်မှာ ပေးခဲ့တာ ဖြစ်ပါတယ်။ “Chinese Paladin” (သိမ်းငှက်သူရဲကောင်း) ဇာတ်လမ်းတွဲမှာ ဂူးဂူးဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့ပြီးတဲ့နောက် သူ့ခေတ်သူ့အခါက ထိပ်တန်းမင်းသမီး တလက်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး မင်းသမီး ၄ ယောက်ထဲမှာ ပါဝင်လာခဲ့ပါတယ်။
၄။ ဘာသာစကား ကျွမ်းကျင်မှု
မင်းသမီးဟာ ဘာသာစကားတချို့ကို ပြောဆိုတတ်ပါတယ်။ မန်ဒရင်းလို့ ခေါ်တဲ့ တရုတ်ဘာသာကို ကျွမ်းကျင်ရုံမျှမက နယူးယောက်မြို့မှာ နှစ်အနည်းငယ်ကြာ ကြီးပြင်းခဲ့ရလို့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်ပါတယ်။ ကိုရီးယားနဲ့ ဂျပန်စကား တွေကို အခြေခံကျကျ ပြောဆိုတတ်ပါတယ်။
၅။ ဟောလိဝုဒ်လောကထဲက မင်းသမီး
“Mulan” ရုပ်ရှင်ဟာ မင်းသမီးအတွက်တော့ ပထမဆုံးဟောလိဝုဒ် ရုပ်ရှင်မဟုတ်ပါဘူး။ မင်းသမီးဟာ ၂၀၀၈ ခုနှစ်တုန်းက “The Forbidden Kingdom” အပါအဝင် ဟောလိဝုဒ် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း မင်းသား Nicholas Cage နဲ့အတူ “Outcast” ဆိုတဲ့ ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက “The Chinese Widow” ဆိုတဲ့ ဒရာမာမှာလည်း ပါဝင်ခဲ့ပါတယ်။
၆။ မော်ဒယ်လောကထဲက မင်းသမီး
မင်းသမီးဟာ သူ့အသက် ၈ နှစ်လောက်အရွယ်ကတည်းက ကလေးမော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုအပြင် တဖက်မှာလည်း မော်ဒယ်ဘဝအနေနဲ့ ရပ်တည်ခဲ့သူပါ။ နှစ်ပေါင်းများစွာကြာတဲ့အထိ မင်းသမီးဟာ တရုတ်နိုင်ငံမှာ Garnier နဲ့ Pantene တို့လိုမျိုး လူသုံးကုန် ပစ္စည်းတွေရဲ့ သံတမန်ဖြစ်လာခဲ့ပါတယ်။
၇။ သီချင်းဆိုတဲ့အလုပ်လည်း လုပ်တဲ့ မင်းသမီး
သူကသီချင်းလည်း ကောင်းကောင်းဆိုနိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ Sony Music Entertainment Japan နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး အယ်လ်ဘမ်နှစ်ချပ်ကို ဖြန့်ချိခဲ့ပါတယ်။ ပထမဆုံးဖြန့်ချိခဲ့တဲ့ ဂျပန်သီချင်း “Mayanoka no Door” ဟာ အန်နီမေးရှင်းကာတွန်းစီးရီးတခုရဲ့ ဇာတ်ဝင်တေးအဖြစ် ရွေးချယ်ခံရပါတယ်။
၈။ ဓားတိုက်ခိုက်ရေးနဲ့ ကိုယ်ခံပညာကို သင်ကြားခဲ့တဲ့ မင်းသမီး
မင်းသမီးရဲ့ ထူးခြားတဲ့ စွမ်းရည်ထဲမှာဆိုရင် ဓားတိုက်ခိုက်ရေးနဲ့ ကိုယ်ခံပညာရပ်တွေလည်း ပါဝင်ပါတယ်။ သူဟာ “The Forbidden Kingdom” ရုပ်ရှင်မှာ နာမည်ကျော်တွေဖြစ်တဲ့ ဂျက်လီ၊ ဂျက်ကီချန်းတို့နဲ့ အတူသူ့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသခဲ့ပါတယ်။ ရုပ်ရှင်တွေမှာလည်း ကိုယ်ပိုင်စတန့်တွေ ပြသခဲ့သလို အခု ‘Mulan’ ရုပ်ရှင်အတွက်လည်း တော်တော်လေးကို ခက်ခက်ခဲခဲလေ့ကျင့်ထားခဲ့ရပါတယ်။
ရုပ်ရှင်ထဲမှာ စစ်သည်တော် တဦးအနေနဲ့ ပျော့ပြောင်းနိုင်မှုနဲ့ ခွန်အားတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
၉။ ကိုရီးယားမင်းသား ဆောင်ဆန်ဟွန်နဲ့တွဲခဲ့ဖူးတဲ့ မင်းသမီး
မင်းသား ဆောင်ဆန်ဟွန်(ဂျွန်စော) နဲ့ မင်းသမီးတို့ဟာ ၂၀၁၅ ခုနှစ်မှာ “The Third Way of Love Back” ရုပ်ရှင်မှာ အတူတူသရုပ်ဆောင်ခဲ့ပြီးတဲ့နောက် စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ချစ်သူဖြစ်ပြီး သုံးနှစ်အကြာမှာပဲ အလုပ်အချိန်ဇယားကြပ်တည်းမှုတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။
၁၀။ ကြောင်လေးတွေကို ချစ်တတ်တဲ့ မင်းသမီး
မင်းသမီးဟာ ကြောင်လေးကို ချစ်တတ်ပြီး မိခင်ဖြစ်သူနဲ့အတူ တခါတလေ လမ်းဘေးကြောင်လေးတွေကို ယူဆောင်ပြီး အိမ်အသစ်ရှာဖွေပေးဖို့ ကိုယ်ကျိုးမဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင် းလုပ်ဆောင်လေ့ရှိပါတယ်။ ပေကျင်းမှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ ကြောင်အကောင်ရေ ၃၀ ကျော်အထိ ရှိခဲ့ဖူးပါတယ်။
Ref:asiaone
You may also like these stories:
ဒုတိယကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ တရုတ်မင်းသမီး Zhang Ziyi
မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်