အနုပညာအလုပ်များ နည်းပါးလာပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေးအခက်အခဲကြောင့် မုန့်ဟင်းခါးဆိုင်ဖွင့်ရောင်းချခဲ့ရတဲ့ သရုပ်ဆောင်ရဲလေးမကတော့ မပြေလည်တဲ့အချိန်မှာ မုန့်ဟင်းခါးက ဝမ်းရေးကိုဖြေရှင်းပေးခဲ့တာကြောင့် မုန့်ဟင်းခါးက ကျေးဇူးရှင်ဖြစ်လာတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“အထောက်အကူပြုတယ်။ အခုဆိုရင် ကားမရိုက်ရတာ ကြာပြီ။ ပြီးခဲ့တဲ့ရက်ကမှ Daily လေးတွေ ရိုက်ရတာရှိတယ်။ ပြည်ဟိန်းသီဟနဲ့ရုပ်ရှင်ကားရိုက်တာ ဒါပဲရှိတယ်။ အဲဒီအချိန်မှာ ကျနော့်ရဲ့အခက်အခဲလေးတွေကို ဒီမုန့်ဟင်းခါးက ဖြေရှင်းပေးတယ်။ ဒီမုန့်ဟင်းခါးက ကျေးဇူးရှင်လို့လည်းပြောလို့ရတယ်။ ဝမ်းစာဖြစ်သွားပြီလေ။ ဒီအလုပ်ကိုလည်း မစွန့်လွှတ်ဘူး။ အနုပညာအလုပ်ကိုလည်း မစွန့်လွှတ်ဘူး။ ၂ခုတွဲလုပ်မယ်” လို့ရဲလေးမက ဧရာဝတီကို ပြောပါတယ်။
ဝမ်းစာအတွက် အထောက်အကူဖြစ်ခဲ့တဲ့ ဒီမုန့်ဟင်းခါးရောင်းတဲ့အလုပ်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘဲ အနုပညာအလုပ်နဲ့ တွဲလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အနုပညာကို မျှော်ကိုးပြီးအလုပ်လုပ်လို့ မရတော့ဘူးလေ။ အနုပညာအလုပ်က ယိမ်းသွားမလား၊ ယိုင်သွားမလား ဘာဖြစ်လာမလဲဆိုတာ ကြိုမတွေးနိုင်ဘူး။ ပရိသတ်ကတော့ ရဲလေးမရယ်လို့ချစ်ကြပေမယ့် ငွေရောင်ပိတ်ကားပေါ်မှာ ဖန်သားပေါ်မှာ ရောက်ရှိလာဖို့က ပရိုဂျူဆာတွေရဲ့အကျိုးမရှိရင် ကျနော်တို့ဘာမှအလုပ်လုပ်မှာမဟုတ်ဘူး။ သူတို့လည်း ငွေနဲ့ရင်းထားရတာကို။ ဘယ်လိုလည်ပတ် ဘာတွေဖြစ်နေတယ်ဆိုတာကို ကျနော်တို့မသိဘူး”
“ အခုအချိန်မှာ ကျနော်တို့လောက ယိမ်းယိုင်သွားတဲ့အတွက် ကျနော့်မှာ စီးပွားရေးရှိတယ်။ မဖြစ်မနေရှာရမှာ ဖြစ်တဲ့အတွက် ဒါကိုလုပ်တာဖြစ်လို့ ဒီမုန့်ဟင်းခါကို ဘယ်တော့မှ မစွန့်လွှတ်တော့ပါဘူး” လို့ရဲလေးမက ပြောပါတယ်။
လက်ရှိမှာတော့ ရတဲ့ဝင်ငွေရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်နိုင်ပြီး နောက်ပိုင်းမှာတော့ ငွေရေးကြေးရေးလေး စုမိတာဖြစ်ဖြစ် ထီပေါက်ခဲ့ရင်ဖြစ်ဖြစ် ဆိုင်ခန်းလေးတခုဖွင့်ချင်တယ်လို့ ဆိုပါတယ်။
“ကျနော့်မှာ လောဘသိပ်မရှိဘူး။ မရှိဘူးဆိုတာကလေ ရနေတာကိုရောင့်ရဲတင်းတိမ်တတ်တယ်။ ငွေကတော့ ကိုယ်လည်း လိုချင်တယ်။ သူလည်းလိုချင်တယ်။ ဒါပေမယ့်လောကမှာ ငွေနဲ့ဖြေရှင်းလို့မရတာတွေ အများကြီးရှိတယ်။ ကျနော်ဆိုရင် တပိုင်းတနိုင်ရောင်းရတာကို မိသားစုစားရတယ်။ ဝမ်းရေးအတွက်ဖြေရှင်းလို့ရတယ်ဆိုရင် ကျေနပ်တယ်။ ဘာလုပ်လိုက်မယ် ညာလုပ်လိုက်မယ်ဆိုတာတော့ စိတ်ကူးရှိတယ်”
“ ဒါပေမယ့် အရင်ဘဝက ဒါနမျိုးစေ့နည်းခဲ့လို့ အခုလိုဖြစ်ရတာ။ လူဆိုတာ အလှမ်းကျယ်ရင် အလယ်လတ်တယ်။ ပင်ပန်း ရမယ့် ဇာတာပါလို့ ဒီလိုဖြစ်တယ်လို့ပဲမှတ်တယ်။ တနေ့နေ့ တချိန်ချိန် ဝင်ငွေတွေပိုက်ဆံတွေရှိလာပြီဆိုရင် ဆိုင်ခန်းလေး ငှားပြီး အလုပ်လုပ်မယ်။ ဖြစ်လာခဲ့ရင် ထီပေါက်ခဲ့ရင် ငွေရေးကြေးရေးလေးစုလို့အဆင်ပြေခဲ့ရင် ဆိုင်ခန်းလေး တခန်း ဖွင့်ပါမယ်” လို့ ရဲလေးမကပြောပါတယ်။
ရဲလေးမ မုန့်ဟင်းခါးရဲ့ လက်ရာကို ကြိုက်နှစ်သက်ကြတဲ့အတွက် ဆိုင်မှာရောင်းရတဲ့အပြင် အော်ဒါများလည်း လက်ခံပြီး ရောင်းချလျက်ရှိပါတယ်။
“ကိုယ်က အနုပညာနယ်မှာ နာမည်လေးတလုံးရထားတယ်။ အဲဒါကိုချစ်လို့သာ အခုမုန့်ဟင်းခါးနောက်ကို လိုက်လာကြ တာ။ ကျနော်က အဲဒါကိုစေတနာလေးထားပြီး အလုပ်လုပ်တယ်။ ချက်လိုက်တဲ့မုန့်ဟင်းခါးကို ဘာလိုလဲ ဘာလဲဆိုတာကို လိုက်မေးတယ်ဆိုတာက လိုအပ်ချက်ဆိုတာရှိတတ်တယ်လေ”
“ကျနော်တို့က တတ်လို့လုပ်စားတာမဟုတ်ဘူးလေ။ အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်စားရတဲ့အပေါ်မှာ လိုအပ်ချက်တွေရှိမှာစိုးတဲ့အပေါ်မှာ လိုက်မေးတာ ကောင်းတဲ့သတင်းပဲကြားရပါတယ်” လို့ ရဲလေးမကပြောပါတယ်။
ရဲလေးမကို ချစ်ကြတဲ့ သူငယ်ချင်းများ ၊ မိသားစုများက သူ့ရဲ့မုန့်ဟင်းခါးရောင်းတဲ့အလုပ်ကို ဝိုင်းဝန်းလုပ်ကိုင်လျက်ရှိပြီး သူကတော့ ကိုယ်တိုင်ချက်ပြုတ်တာဖြစ်တယ်လို့ သိရပါတယ်။
“အိမ်မှာ ကျနော့်တူမလေးတွေရှိတယ်။ တာဝန်တပိုင်းစီပေးလိုက်တယ်။ တူမလေးနဲ့တူလေးကို ကြက်သွန်ထောင်းတာ လုပ်တာတာဝန်ယူ ညီတဝမ်းကွဲလေးရှိတယ်။ သူ့ကိုက ငှက်ပျောပင်နွှာ ဟင်းအိုးတာဝန်ကတော့ ကျနော့်တာဝန်ပေါ့။ ဈေးသွားဘာညာတာဝန်ယူပေါ့”
“အော်ဒါမှာလို့မနိုင်တော့ဘူးဆိုရင် ရပ်ကွက်ထဲက ကျနော့်ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ သူတို့ဆိုရင် လာကူလုပ်ပေး တယ်။ ဒီသူငယ်ချင်းတွေ တူ ၊ တူမတွေနဲ့အဆင်ပြေတယ်။ ကြီးကြီးမားမားတွေဖြစ်လာပြီဆိုရင် ဝန်ထမ်းလည်းမရှိတဲ့ အခါကျတော့ အော်ဒါရလာပြီဆိုရင် ဆိုင်ကိုခဏပိတ်ရတယ်။ အဲ့အတွက်လည်း နားလည်ပေးပါလို့” လို့ရဲလေးမက ပြောပါတယ်။
ရဲလေးမကတော့ သဘာဝကျတဲ့ မိန်းမလျာဇာတ်ရုပ်များဖြင့် ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့သူတယောက်ဖြစ်ပြီး အနုပညာအလုပ်များ နည်းပါးသွားတဲ့အချိန် မုန့်ဟင်းခါးရောင်းတော့လည်း ပရိသတ်ရဲ့ အားပေးမှုကို ခံနေဆဲ ဖြစ်ပါတယ်။
You may also like these stories:
မိန်းမလျာဇာတ်ရုပ်တွေပဲ အရိုက်များတဲ့အကြောင်း ပြောပြတဲ့ ရဲလေးမ
ကမ္ဘာလှည့် ခရီးသည်တွေ ကြိုက်တဲ့ မြန်မာအစားအစာ ၅ မျိုး