သီချင်းရေးဆရာ၊ အဆိုတော် Ed Sheeran ဟာ စံချိန်တွေတင်ခဲ့တဲ့ သီချင်းတွေကို ဖြန့်ချိခဲ့ပြီးတဲ့နောက် “UK ရဲ့ ဆယ်စုနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင် တရားဝင် နံပါတ် ၁” အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ Official Charts Company က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
တကမ္ဘာလုံးအထိ ပေါက်ခဲ့တဲ့ သူ့ရဲ့ “Shape of You” သီချင်းဟာ ၂၀၁၇ ခုနှစ်၊ ဗြိတိန်နိုင်ငံမှာ သီတင်း ၁၄ ပတ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်းမှ ထိပ်တန်းသီချင်းအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုတော် Ed ဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း နံပါတ် ၁ ဖြစ်ခဲ့တဲ့ Single သီချင်းနဲ့ အယ်လ်ဘမ် အများဆုံးရခဲ့တဲ့အတွက် “တရားဝင် သီချင်းဇယား စံချိန်ချိုးဖျက်သူ” အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒီနှစ် အချိန်ကာလအတွင်းမှာ သူဟာ ထိပ်ဆုံးနေရာမှာ သီတင်းပတ် ၇၉ ပတ် ရပ်တည်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက ဒီဆုကို ရရှိခဲ့သူတွေကတော့ Paul McCartney နဲ့ Justin Bieber တို့ ဖြစ်ပါတယ်။
Official Charts Company မှ အမှုဆောင်အရာရှိချုပ် Martin Talbot က “ဒီဆယ်စုနှစ် အစပိုင်းမှာ သူဟာ Suffolk ဒေသက အသက် ၁၈ နှစ်အရွယ် လူသိနည်းတဲ့ လူငယ်လေးသာ ဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကြောင့် ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အဆိုတော် Ed ဟာ ၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက် Single သီချင်းဖြစ်တဲ့ “The A Team” နဲ့ UK ရဲ့ ဂီတဇယားတွေထဲ ပထမဆုံး ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ အခုအထိ UK ရဲ့ နံပါတ် ၁ Single သီချင်း ၈ ပုဒ်ကို ထုတ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ စတူဒီယို အယ်လ်ဘမ် ၄ ချပ်လုံးဟာလည်း ဗြိတိသျှ ဂီတဇယားတွေရဲ့ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။
အဲ့ဒီလို ဆုရရှိမှုနဲ့ ပတ်သက်လို့ အဆိုတော် Ed က “လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစလို့ ကျနော့်ကို အားပေးခဲ့သူတွေ၊ အထူးသဖြင့် ကျနော့်ရဲ့ ထူးခြားတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီကနေ နောက် ၁၀ နှစ်ကို စပါမယ်” လို့ ပြောဆိုထားပါတယ်။
“Shape of You” သီချင်းဟာ Official Charts Company ရဲ့ ဆယ်စုနှစ်တာအတွင်း အကြီးကျယ်ဆုံး ထိပ်တန်း သီချင်း ၁၀၀ စာရင်း ထိပ်ဆုံးမှာရှိခဲ့ပြီး သူ့ရဲ့ အနောက်မှာတော့ Bruno Mars နဲ့ Mark Ronson တို့ရဲ့ “Uptown Funk” သီချင်း ရှိနေပါတယ်။
အဆိုတော် Ed ရဲ့ တခြားသီချင်း၂ ပုဒ်ဖြစ်တဲ့ “Thinking Out Loud” နဲ့ “Perfect” တို့ဟာလည်း အဲ့ဒီစာရင်းရဲ့ ထိပ်တန်း ၁၀ ပုဒ်စာရင်းမှာ ပါဝင်ပါတယ်။ အဆိုတော် Adele ရဲ့ “21” နဲ့ “25” အယ်လ်ဘမ်တို့ဟာလည်း ဆယ်စုနှစ်တာရဲ့ အကြီးမားဆုံး အယ်လ်ဘမ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဗြိတိသျှအဆိုတော် Adele ဟာ “21” အယ်လ်ဘမ်နဲ့ ဂရမ်မီ ၆ ဆု၊ “25” အယ်လ်ဘမ်နဲ့ ဂရမ်မီ ဆု ၅ ခုရရှိခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Spotify ရဲ့ ဆယ်စုနှစ်တာအတွင်း အကျော်ကြားဆုံး အနုပညာရှင်အဖြစ် Drake သတ်မှတ်ခံရ
ဇနီးနဲ့ မိသားစု တည်ဆောက်ဖို့ အချိန် ၁ နှစ်ခွဲလောက် ဖျော်ဖြေပွဲတွေ ရပ်နားမယ့် Ed Sheeran