ဝါရင့် အဆိုတော်တယောက် ဖြစ်ပေမယ့် စင်ပေါ်မှာ ပရိသတ်များကို ဖျော်ဖြေတဲ့အခါ ကြိုတင် တိုက်ထားခြင်း မရှိတဲ့ သီချင်းများကို မဆိုရဲဘူးလို့ အဆိုတော် တူးတူးက ပြောပါတယ်။
“ပွဲတခုမှာ တခါမှ မဆိုဖူးတဲ့သီချင်း မတိုက်ထားရင် မဆိုရဲဘူး။ ကိုယ်ဆိုနေကျ တီးဝိုင်းနဲ့ပေမယ့် မတိုက်ထားရင် မဆိုဖြစ်ဘူး။ ဆိုတော့ ဆိုချင်တယ်။ ကျနော်ပြောတာ အဲ့လိုသီချင်း၊ လူလည်းသိပြီးသား စင်ပေါ်မှာ မဆိုဖြစ်တဲ့သီချင်း ဆိုမယ်။ ကျန်တာကတော့ ပရိသတ်သိပြီးသား ပေါက်ပြီးသား ကြိုက်ပြီးသား သီချင်းတွေပါ” လို့ တူးတူးက ပြောပါတယ်။
မကြာခင်မှာလည်း 80` Classics Live Show ကို တူးတူး ၊ ချစ်ကောင်း ၊ ဟေမာနေဝင်း ၊ ကော်နီတို့က ဒီဇင်ဘာ ၂၀ ရက်နေ့၊ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲမှာဆိုရင်လည်း ယခင်က ပွဲများမှာ မဆိုဖူးတဲ့ သီချင်းအဟောင်းများကို သီဆိုသွားမယ်လို့ သိရပါတယ်။
“သီချင်းအသစ်က မထွက်တာကြာပြီဆိုတော့ အဟောင်းတွေပဲ ဆိုဖြစ်မယ်။ ကော်နီကတော့ အသစ်ထွက်ဖြစ်တယ် ထင်တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ အသစ် မထွက်ဖြစ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ ပွဲတွေမှာ သိပ်မဆိုဖြစ်တဲ့သီချင်း လုံးဝကို မဆိုဖြစ်သေးတဲ့ သီချင်းမျိုးကို ၂ ပုဒ် ၃ ပုဒ်လောက်ထည့်ဖို့ စဉ်းစားထားတယ်” လို့ တူးတူးက ပြောပါတယ်။
ဒီပွဲမှာဆိုရင်တော့ တယောက်ကို သီချင်း ၁၅ ပုဒ်ခန့် သီဆိုဖျော်ဖြေဖို့ စီစဉ်ထားပြီး တူးတူးအနေနဲ့ သီချင်းအသစ် ထပ်ထွက်ထားတာ မရှိတဲ့အတွက် သီချင်းအဟောင်းများကို ပြန်လည် သီဆိုသွားမယ်လို့ သိရပါတယ်။
တူးတူး၊ ချစ်ကောင်း၊ ဟေမာနေဝင်း၊ ကော်နီတို့ ၄ဦးကတော့ ၁၉၈၀ ခုနှစ်အတွင်း တကိုယ်တော်အခွေထွက်ပြီး ရှေ့ဆင့်နောက်ဆင့် အောင်မြင်လာကြသူများလည်း ဖြစ်ကြပါတယ်။
“ကျောင်းတုန်းကတော့ သူငယ်ချင်း မဟုတ်ဘူး။ ကျောင်းတွေတော့ မတူကြဘူး။ တကျောင်းစီပေါ့။ ဒီ ၄ ယောက်စလုံးက သူငယ်ချင်းဆိုတာ ကျနော်ဆို ၁၉၈၄ မှာ အခွေ စထွက်တယ်။ ဟေမာက ၈၅ ပြီးတော့ ချစ်ကောင်း၊ ကော်နီ တန်းစီပြီး ထွက်ကြတာ။ ဒီ ၄ ယောက်စလုံးက ပထမဆုံးတခွေနဲ့ တင်ပေါက်သွားကြတော့” လို့ တူးတူးက ပြောပါတယ်။
သီချင်းအသစ်အနေနဲ့ နောက် ၄ ၊ ၅ လအတွင်း အွန်လိုင်းမှာတင်ဖို့ရှိပြီး တကိုယ်အခွေကတော့ ၁ နှစ်ဝန်းကျင် လောက်ကြာနိုင်သေးတယ်လို့ သိရပါတယ်။
“အခွေကတော့ သွင်းပြီးသား လုပ်ထားတာတော့ ၃ ၊ ၄ ပုဒ်လောက် ရှိတယ်။ အဲဒါကို လောလောဆယ် အွန်လိုင်းမှာ တင်ဖို့အတွက် လုပ်နေတယ်။ အဲဒါဖြစ်သွားတယ်ဆိုရင် ၄ ၊ ၅ လလောက်အတွင်းမှာဖြစ်မှာပေါ့။ တယောက်တည်း အခွေအသစ်ကတော့ လုပ်ဖို့တော့ စီစဉ်တာပေါ့။ တနှစ်ဝန်းကျင်လောက်တော့ ကြာဦးမှာပါ” လို့ တူးတူးက ပြောပါတယ်။
တူးတူးကတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ Radio Bar နဲ့ My Garden တို့မှာ ပြုလုပ်ခဲ့ပါသေးတယ်။
You may also like these stories:
“ခိုင်ထူး သီချင်းတွေကို ပုံစံတူ လိုက်ဆိုကြမှာ မဟုတ်ပါဘူး”
သီချင်းဆို ပြိုင်ပွဲတွေအပေါ် အမြင်ပြောပြတဲ့ အဆိုတော် ဟေမာနေဝင်း
မွေးနေ့ မတိုင်ခင် သီချင်းအသစ် ၁ ပုဒ် ထွက်မယ့် အဆိုတော် ကော်နီ
သားနဲ့သမီးကို သူ့အရိပ်အမိုး မခံစေချင်တဲ့ အဆိုတော် ချစ်ကောင်း