ကိုယ်ပိုင် အေဂျင်စီ ထောင်မယ်လို့ သတင်းတွေ ထွက်နေတဲ့ မင်းသား ကင်ဆိုဟွန်း
ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့တဲ့ မင်းသား ကင်ဆိုဟွန်းဟာ လက်ရှိ အေဂျင်စီ KeyEast Entertainment ကနေ ထွက်ပြီး ကိုယ်ပိုင် အေဂျင်စီ ထောင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး သူ့အေဂျင်စီဘက်ကလည်း ပြန်လည် ပြောဆိုထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မင်းသား ကင်ဆိုဟွန်းဟာ သူစတင် ပွဲထွက်ကတည်းက ရှိခဲ့တဲ့ KeyEast Entertainment နဲ့ လမ်းခွဲပြီး ကိုယ်ပိုင် အေဂျင်စီတခု ထောင်မယ်လို့ ရေးသားခဲ့ကြပါတယ်။ လက်ရှိ KeyEast နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရလည်း ဒီဇင်ဘာလကုန်မှာ ပြီးဆုံးမှာ ဖြစ်လို့ အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ကင်ဆိုဟွန်းဟာ “Real” ရုပ်ရှင်အတူ ရိုက်ကူးခဲ့တဲ့ ဝမ်းကွဲ ညီအစ်ကိုဖြစ်သူ ဒါရိုက်တာ လီဆာရန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် လက်ရှိ အေဂျင်စီကနေ ထွက်ပြီး နှစ်ယောက်အတူ ပေါင်းပြီး ကိုယ်ပိုင် အေဂျင်စီ ထောင်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
တကယ်လို့ မင်းသား ကင်ဆိုဟွန်းဟာ KeyEast Entertainment ကနေ ထွက်ခွာမယ်ဆိုရင် စစ်မှုထမ်းပြီး နောက်ပိုင်း ပြန်လည် ရိုက်ကူးမယ့် tvN ကနေ ထုတ်လွှင့်မယ့် “Psycho But That’s Okay” ဇာတ်ကားဟာ သူ့ကိုယ်ပိုင်အေဂျင်စီကနေ တာဝန်ယူမယ့် ပထမဆုံးဇာတ်ကား ဖြစ်လာနိုင်ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး KeyEast Entertainment ဘက်က “ကျနော်တို့ မင်းသား ကင်ဆိုဟွန်းနဲ့ စာချုပ် သက်တမ်းတိုးမယ့်ကိစ္စကို ဆွေးနွေးနေဆဲပါ။ သတင်းတွေမှာ ပြောနေကျတဲ့ ကိုယ်ပိုင် အေဂျင်စီထောင်မယ့် ကိစ္စကိုတော့ ကျနော်တို့ဘက်က ထုတ်ပြန်ပြောစရာ မရှိပါဘူး” လို့ ဆိုပါတယ်။
မင်းသား ကင်ဆိုဟွန်းဟာ KeyEast Entertainment အေဂျင်စီနဲ့ သူစတင်ပွဲထွက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က တည်းက စာချုပ်ချုပ်ဆိုခဲ့တာပါ။ အေဂျင်စီကနေထွက်ပြီး ကိုယ်ပိုင်အေဂျင်စီထောင်မယ့် သတင်းတွေကလည်း သူစစ်မှုထမ်းပြီးဆုံးချိန် ဇူလိုင် ၁ ရက်နေ့ကတည်းက ထွက်ပေါ်နေခဲ့တာပါ။
လက်ရှိ အချိန်မှာတော့ ကင်ဆိုဟွန်းဟာ tvN ကနေ ရိုက်ကူးမယ့် “Psycho But That’s Okay” လို့ ယာယီ နာမည်ပေးထား တဲ့ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပြီး တွဲဖက် သရုပ်ဆောင်အဖြစ် မင်းသမီး ဆိုယဲဂျီကိုလည်း ကမ်းလှမ်းထားပါတယ်။
Ref: Soompi
You may also like these stories:
နေအိမ်မှာ သေဆုံးလျက် တွေ့ခဲ့ရတဲ့ ကိုရီးယားအဆိုတော် Goo Hara
YG နဲ့ စာချုပ်သက်တမ်း ဆက်မတိုးဘဲ နုတ်ထွက်တော့မယ့် 2NE1 အဖွဲ့ဝင် CL
Seungri နဲ့ Yang Hyun Suk တို့ကို လောင်းကစား လုပ်ဆောင်မှုနဲ့ တရားဝင်စွဲချက်တင်
စစ်မှုထမ်းတာဝန် ပြီးဆုံးသွားတဲ့ G-Dragon ကို ပရိသတ် ထောင်ကျော် လာရောက် ကြိုဆို