Entertainment

“အသက်ရှင်မယ့်သူ” အခွေထွက်ဖို့ ၅ နှစ်လောက် အချိန်ယူခဲ့ရတဲ့ အဆိုတော် လိမ္မော်သီး

အဆိုတော် လိမ္မော်သီးရဲ့ တတိယမြောက် တကိုယ်တော် တေးစီးရီး “အသက်ရှင်မယ့်သူ” အခွေ ထွက်ရှိဖို့ ၅ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“အသက်ရှင်မယ့်သူ သီချင်းက ကိုသာဒီးလူ ရေးပေးထားတာ။ သီချင်းကိုလည်း ကြိုက်တယ်။ နာမည်ပေးတော့လည်း လှတာနဲ့ ပေးဖြစ်လိုက်တာ။ Title အဖြစ်နဲ့ ရွေးဖြစ်တာပါ။ ဒီအခွေထွက်ဖို့ ၅ နှစ်လောက် အချိန် ကြာသွားတယ်။ ဒုတိယခွေ မထွက်ခင်ကတည်းက အတီးပိုင်း ပြီးနေတာ။ ဒုတိယခွေကို အရင်ထုတ်လိုက်ပြီး ကြားထဲမှာ ခွေပျောက်တာတွေ၊ ပျက်တာတွေဖြစ်တော့ တအား စိတ်ညစ်ရတယ်။ ဆိုထားသမျှ ပါသွားတယ်။ အချိန်တွေ ပိုကြာသွားတာပေါ့”လို့ လိမ္မော်သီးက ပြောပါတယ်။

ဆက်လက်ပြီး လိမ္မော်သီးက အဲဒီ အခွေမှာ “ချစ်ခြင်းနဲ့ အသက်ဆက်” ဆိုတဲ့ သီချင်းကို ချစ်သူ ကျော်ကျော်ပိုင်မှူးနဲ့ သီဆိုထားတယ်လို့ ဆိုပါတယ်။

“ဒီခွေထဲက အွန်လိုင်းကနေ တပုဒ်တော့ တင်ပေးဖို့ ရှိတယ်။ သီချင်းဟောင်း ၃ ပုဒ်လောက် ပါတယ်။ ကျန်တာ သီချင်းသစ်တွေပါ။ ခွေထဲမှာ ဝေလာရီနဲ့ တပုဒ်၊ ကိုကျော်ကျော်ပိုင်မှုးနဲ့ တပုဒ် ဆိုထားတယ်။ အခွေပြီးတော့ သီချင်းတွေ အကုန်ပြန်နားထောင်တယ်၊ ပြီးတော့ ကိုကျော်ကျော်ပိုင်မှုးကို ပေးနားထောင်တယ်၊ လိုရင် အကြံပေးပါပေါ့။ ‘ချစ်ခြင်းနဲ့ အသက်ဆက်’ သီချင်းကို သူက စုံတွဲ ဆိုချင်တယ်။ Key တော့ သူ မီအောင် လိုက်ဆိုရတာ သူတော်တော်လေးတော့ ဒုက္ခရောက်တယ်။ ကြိုးစားပမ်းစားနဲ့တော့ ဆိုထားကြတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

လတ်တလော MRTV Entertainment ရုပ်သံလိုင်းမှာ ပြသနေတဲ့ The Mask Singer အစီအစဉ်မှာလည်း နာနတ်သီး အဆိုရှင်ကို လိမ္မော်သီးလို့ ခန့်မှန်းနေကြတဲ့အပေါ်လည်း သူက အခုလိုပဲ ဆိုပါတယ်။

“The Mask Singer မှာ နာနတ်သီးက လိမ္မော်သီးဆိုပြီး ပြောနေကြတယ်။ နာနတ်သီးက လိမ္မော်သီး မလုပ်ပါဘူး။ ခန့်မှန်းတာတွေလည်း အများကြီးပဲ။ လာလာပြောနေကြတယ်။ အစီအစဉ်ကောင်း တခုပါပဲ။ ကြည့်ရင်းနဲ့တော့ ရယ်နေရတယ်။ အဆိုပြိုင်ပွဲတွေလည်း လုပ်ကြတာ ကောင်းပါတယ်။ ကိုယ်တွေလည်း အသစ်ကနေပဲ ဟောင်းလာတာ။ ပင်လယ်ရေဆိုတာလည်း တယောက်တည်း သောက်လို့ မကုန်ပါဘူး”

“မျိုးဆက်သစ်တွေ ဂီတလမ်းကြောင်းလျှောက်လှမ်းချိန်မှာ ရပ်တည်နိုင်ဖို့ကတော့ အရည်အချင်းရော ကြိုးစားမှုရော ဇွဲ၊ လူမှုဆက်ဆံရေး အကုန် လိုအပ်တယ်။ နေတတ်ထိုင်တတ်ဖို့လည်း လိုအပ်တယ်။ အဲ့ဒါကိုကြည့်ပြီးမှပဲ အောင်မြင်တယ်၊ မအောင်မြင်ဘူး ကြည့်လို့ရမှာပေါ့။ အဆိုပြိုင်ပွဲတွေတော့ ကိုယ်တိုင်ကလည်း မအားတော့ တီဗီရှေ့ ထိုင်မကြည့်ဖြစ်ဘူး။ ဖေ့စ်ဘုတ်မှာ Status ရေးတာနဲ့တင် နာမည်က မှတ်မိနေတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

အဆိုတော် လိမ္မော်သီးရဲ့ တတိယ တကိုယ်တော်ခွေ  ဖြစ်တဲ့ “အသက်ရှင်မယ့်သူ” Audio Album ကို ဒီဇင်ဘာ ၁၉ ရက်မှာ M United မှ ဖြန့်ချိသွားမှာပါ။ အဲ့ဒီအခွေမှာတော့ သီချင်း ၁၁ ပုဒ် ပါဝင်ပြီး ကျော်ကျော်ပိုင်မှုးနဲ့ ဝေလာရီတို့က Featuring အနေနဲ့ ပါဝင်သီဆိုထားပါတယ်။

Loading