Entertainment

“နီကျား” အန်နီမေးရှင်းစီးရီး မကြာမီ ပြသမည်

အနီရောင် ပုဝါရှည်၊ ရွှေရောင်ကွင်းနဲ့ လေထဲမှာ စင်္ကြာဘီးကို စီးပြီး ပျံဝဲနေတဲ့ တရုတ်ဒဏ္ဍာရီလာ သူရဲကောင်းဖြစ်တဲ့ “နီကျား” အကြောင်း ရိုက်ကူးထားတဲ့ အန်နီမေးရှင်းစီးရီးကို လာမယ့်နှစ်ထဲမှာ ပြသတော့မယ်လို့ သိရပါတယ်။

အမေရိကန် အရုပ်ထုတ်လုပ်သူ Hasbro ရဲ့ နာမည်ကျော် Transformers အရုပ်တွေနဲ့အတူ တရုတ်ဆယ်ကျော်သက် သူရဲကောင်း နီကျားကို စက်ရုပ်ဗားရှင်းနဲ့ ပြန်လည် ပုံဖော်ပြီး ရောင်းချဖို့လည်း ရှိနေပါတယ်။

လာမယ့်နှစ်မှာ ပြသတော့မယ့် အန်နီမေးရှင်း ရုပ်ရှင်ကို ကြိုဆိုတဲ့အနေနဲ့ Tmall အွန်လိုင်းဝက်ဘ်ဆိုက်မှာ အကန့်အသတ်နဲ့ ထုတ်တဲ့ နီကျား အရုပ် ၁၀၀ ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်မိတ်ဆက်ချိန်မှာတော့ ပရိသတ်တွေက တော်တော်လေးကို ပျော်ရွှင်ခဲ့ကြပါတယ်။

နိုင်ငံပိုင် မီဒီယာ CCTV ရဲ့ ဌာနခွဲတခုဖြစ်တဲ့ CCTV Animation နဲ့အတူ Hasbro တို့က “Nezha: Transformers” ရဲ့ တရားဝင် ပိုစတာနဲ့အတူ အမြည်းဗီဒီယိုကို ဖြန့်ချိခဲ့ပြီးတဲ့နောက် နီကျား ဇာတ်ကောင်ကို နာမည်ကျော် စက်ရုပ်စူပါဟီးရိုး ပုံစံတမျိုးနဲ့အတူ ပွဲထုတ်လာတာဖြစ်ပါတယ်။

CCTV Animation က “တရုတ် ယဉ်ကျေးမှုနဲ့ နတ်ဒေဝတာတွေကို ကိုယ်စားပြုတဲ့ နီကျားဟာ မကောင်းဆိုးရွားတွေကို ရင်ဆိုင် တိုက်ခိုက်ပြီး အခက်အခဲတွေကို သတ္တိရှိစွာဖြေရှင်းဖို့ ကမ္ဘာကျော် Transformers စက်ရုပ်တွေနဲ့အတူ စွန့်စားခရီးရှည်ထွက်မှာပါ” လို့ Weibo အကောင့်မှာ ပြောဆိုထားပါတယ်။

တရားဝင် အမြည်းဗီဒီယိုမှာတော့ တရုတ်ဆယ်ကျော်သက် စစ်သည်တော် နီကျားဟာ တရုတ်ရိုးရာ အနီနဲ့ရွှေရောင် ဝတ်စုံကို သတ္ထုဗားရှင်းနဲ့ ဝတ်ဆင်ပြီး Transformer တကောင်နေနဲ့ ပါဝင်ထားပြီး သူ့ရဲ့ နာမည်ကျော် ကျစ်ဆံမြီး ထုံးဖွဲ့မှုနဲ့ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Transformers ရုပ်ရှင်ထဲက မူရင်းဇာတ်ကောင်တွေက နီကျားနဲ့အတူ ပူးပေါင်းပြီး တရုတ်နိုင်ငံမှာ ရှိတဲ့နေရာတွေကို အခြေစိုက်ထားတဲ့ နောက်ခံမှာ ရန်သူတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ အခုလိုမျိုး နှစ်ဖက် ပူးပေါင်းထုတ်လုပ်ရတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Hasbro က တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။

အရုပ်ကုမ္ပဏီကြီးရဲ့ စီအီးအို Brian Goldner ကတော့ အခုလိုမျိုး တရုတ်နဲ့အမေရိကန်တို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ နာမည်ကျော်တွေကို ပူးပေါင်းမြင်တွေ့ရမှာနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားမိတဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလမှာ ပြောဆိုထားပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အဲ့ဒီ အရုပ်ကုမ္ပဏီကြီးလည်း အထိနာခဲ့ရပါတယ်။

Ref: asiaone

You may also like these stories:

၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

နောင်လာမယ့် နှစ်တွေအတွက် R-Rated Wolverine ရုပ်ရှင် ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Marvel

Loading