ဂျိမ်းစ်ဘွန်း မင်းသား Pierce Brosnan ဟာ Sony ကနေ တင်ဆက်မယ့် “Cinderella” ရုပ်ရှင်မှာ ဘုရင်ကြီးအဖြစ် ပါဝင်လာမယ်လို့ သိရပါတယ်။
ချောမောလှပတဲ့ မိန်းမပျိုလေး စင်ဒရဲလားအဖြစ် အဆိုတော် Camila Cabello ၊ စိတ်ထားယုတ်တဲ့ မိထွေး အဖြစ် မင်းသမီး Idina Menzel နဲ့ နတ်သမီးအဖြစ် မင်းသမီး Billy Porter တို့ပါဝင်ကြမယ့် တေးသံစုံ ဟာသဇာတ်မြူးရုပ်ရှင်မှာ အသက် ၆၆ နှစ်အရွယ် မင်းသား Brosnan လည်း ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဗြိတိသျှမင်းသား Nicholas Galitzine က မင်းသားလေး ရောဘတ်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး မင်းသား Brosnan က သူ့ရဲ့ ဖခမည်းတော် ဘုရင်ကြီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
အခုရုပ်ရှင်မှာ မင်းသား Brosnan က သီချင်း သီဆိုမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တကယ်လို့သာ သီချင်းဆိုဖြစ်မယ် ဆိုရင်တောင် ဒါဟာ မင်းသား အတွက်တော့ သူ့ရဲ့ အသံစွမ်းရည်ကို ပထမဆုံး ပြသတာတော့ မဟုတ်ပါဘူး။ မင်းသားဟာ “Mamma Mia!” နဲ့ “Mamma Mia: Here We Go Again!” ရုပ်ရှင်တွေမှာ အသံစွမ်းရည်ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်ရှင်တွေထဲမှာ သီချင်းဆိုရတာနဲ့ ပတ်သက်လို့ မင်းသားက “သီချင်းသီဆိုတာဟာ ကျနော့်ရဲ့ အားသန်မှုတွေထဲမှာ မရှိမဖြစ်ပါ။ ကျနော် သီချင်းဆိုရတာ သဘောကျပါတယ်။ တခြားလူတွေက ကျနော် သီချင်းဆိုတာ ကြိုက်ရဲ့လားဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ကျနော့် သီချင်းဆိုတာ မပါရင်တော့ သူတို့ဆီမှာ ကောင်းမွန်တဲ့ ဖျော်ဖြေမှုရှိပြီးသားပါ”လို့ Sky News မီဒီယာကို ပြောဆိုခဲ့ဖူးပါတယ်။
နာမည်ကျော် တေးသံစုံ ရုပ်ရှင် “Pitch Perfect” ရဲ့ စာရေးသူ Kay Cannon က အခုရုပ်ရှင်ကို ဇာတ်ညွှန်း ရေးသားပေးမှာဖြစ်ပြီး ရုပ်ရှင်တကားလုံးကို ကင်မရာ နောက်ကွယ်ကနေ တာဝန်ယူပေးမှာလည်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းဆရာ Cannon ဟာ ၂၀၁၈ ခုနှစ်မှာလည်း “Blockers” ဆိုတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ကို ရိုက်ကူးပေးထားသူ ဖြစ်ပါတယ်။
လာမယ့် နှစ်ကျရင် လန်ဒန်မြို့မှာ ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
ဂျိမ်းစ်ဘွန်းအဖြစ် အမျိုးသမီး သရုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ မင်းသား Pierce Brosnan ပြော
နောက်ထွက်မယ့် James Bond ရုပ်ရှင်မှာ လူမည်းအမျိုးသမီး 007 ကို တွေ့မြင်ရဖွယ်ရှိ