သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းကိုတော့ ယနေ့၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ရန်ကင်းတရားရုံးမှာ ပြုလုပ်ခဲ့ပြီး မိုးအောင်ရင်ကတော့ ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံ ရရှိခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း တဖက်က ပရိသတ်ချစ်တဲ့ သရုပ်ဆောင်တယောက် ဖြစ်နေတာကြောင့် တရားလိုဖြစ်သူ မိန်းကလေးအပေါ် ဝေဖန် တိုက်ခိုက်မှုများစွာပြုလုပ်နေတာတွေ ရှိပြီး ဒီဝေဖန်တိုက်ခိုက်မှုများကိုတော့ ဂရုမစိုက်ဘဲ မှန်တဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ တရားလိုဖြစ်သူ မခင်မြတ်နိုးက ပြောပါတယ်။
“ဝေဖန်တာတွေကိုတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး။ ကိုယ်မှန်တဲ့အတိုင်းပဲ ကိုယ်လုပ်မှာပါ။ အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်။ ကိုယ်တိုင် ကြုံဖူးမှပဲ သိမှာ။ ကျမက ဒီလို ဖြစ်ပါတယ်။ ဟိုလိုဖြစ်ပါတယ်ဆိုပြီး လိုက်ပြီး ရှင်းပြနေလို့ မရဘူး။ ကိုယ်မှန်တာ ကိုယ်သိတယ်။ ဘုရား သိတယ်။ ဒါပါပဲ” လို့ မခင်မြတ်နိုးက ပြောပါတယ်။
အာမခံပေးလို့ရတဲ့ အမှုဖြစ်တာကြောင့်လည်း အာမခံ ရယူခဲ့တာဖြစ်ပြီး အမှုကိုလည်း အမှန်အတိုင်းဖြစ်စေချင်တယ်လို့ တရားလိုက ပြောပါတယ်။
“ဒီအမှုက အာမခံရတဲ့အမှုဆိုတော့ ဒီလိုပဲပေးမှာပဲ။ အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ တိုက်ခိုက်တာတွေ ဝေဖန်တာတွေကိုတော့ ဘာမှ မပြောချင်ပါဘူး။ သူတို့က ကိုယ်လည်း မဟုတ်ဘူးလေ။ ကိုယ်က သူတို့လည်း မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ်ပဲသိတာဆိုတော့ ဒီလိုမျိုးလုပ်တယ်ဆိုတော့ အပြောခံရမှာပဲလေ။ ကောင်းတာ ပြောမယ်၊ ဆိုးတာ ပြောမယ်” လို့ မခင်မြတ်နိုးက ပြောပါတယ်။
“ဒီနေ့ ရုံးချိန်းမှာ စွပ်စွဲခံရသူဖြစ်တဲ့ မိုးအောင်ရင် ရောက်လာပါတယ်။ ရောက်လာပြီးတော့ အာမခံလျှောက်ထားတဲ့အတွက် ရာဇဝတ် ဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ တန် ခံဝန်သူ ၂ ဦးနဲ့ အချုပ်လွတ် ထုချေခွင့် ပြုခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အစည်းအဝေးပြုလုပ်ဖို့အတွက်ကို အကြောင်းကြားစာကို တခါတည်းပေးလိုက်ပါတယ်”လို့ ရန်ကင်းမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုတာကတော့ တရားရုံးများမှာ အမှုတွေကို စစ်ဆေးတဲ့အခါ အချိန်ကာလတခုအတွင်း အမှုတွေကို စီစဉ်စစ်ဆေးတဲ့ အစီအစဉ်တခုဖြစ်ပြီး တရားရုံးများမှာ အမှုများ မကြန့်ကြာစေရန် ၂ ဖက် အမှုသည်များနဲ့ အစည်းအဝေး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
မိုးအောင်ရင်ကတော့ ဒီနေ့ရုံးချိန်းမှာ တရားရုံးအတွင်းသို့ ကိုယ်ပိုင်ကားဖြင့် ဝင်ရောက်ခဲ့ပြီး မီဒီယာသမားများနဲ့ တွေ့ဆုံဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပြီး အဆိုပါ ကာမလိမ်လည်မှုကတော့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဇန်နဝါရီ ၇ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
You may also like these stories:
“နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို မိုးအောင်ရင် မလွန်ဆန်နိုင်ခဲ့ဘူး”လို့ ခင်မြတ်နိုး ပြော
စိတ်မတည်ငြိမ်သေးလို့ တရားစခန်း ဝင်ဦးမယ့် သရုပ်ဆောင် မိုးအောင်ရင်