အိမ်ထောင်ပြုပြီး နောက်ပိုင်း အနုပညာအလုပ်တွေနဲ့ ဝေးနေတဲ့ အဆိုတော် ဇွဲပြည့်က အွန်လိုင်းကနေ လည်း သီချင်းတွေ တင်ပေးနေသလို “အားကိုးပါ” သီချင်း Music Video ရိုက်နေတယ်လို့ ဆိုပါတယ်။
“ကျနော် အခု Facebook လည်း သိပ်မသုံးဖြစ်တော့ ငြိမ်နေတယ်လို့ တော်တော်များများက ပြောကြ တယ်။ ပွဲတွေတော့ ဆိုဖြစ်နေတယ်။ ပွဲတွေ ဆိုရင်း ‘အားကိုးပါ’ Music Video ရိုက်နေပါတယ်။ သီချင်းသစ် တပုဒ်လည်း You Are The One ဆိုတဲ့ သီချင်းသစ်လေး တပုဒ်လည်း တင်ထားပါတယ်။ ဒီကြားထဲမှာလည်း ‘နွံနစ်ခဲ့သူ’ ဆိုတဲ့ သီချင်းလည်း တင်ထားပါတယ်”လို့ ဇွဲပြည့်က ပြောပါတယ်။
ပရိသတ်တွေကို အသိမပေးဘဲ ရုတ်တရက် အိမ်ထောင်ပြုဖြစ်သွားတဲ့ အကြောင်းကိုလည်း ဇွဲပြည့်က အခုလိုပဲ ဆိုပါတယ်။
“အိမ်ထောင်ပြုဖြစ်တာက လွန်ခဲ့တဲ့ ၄ လ ကပေါ့။ အမေရိကားခရီးစဉ် မသွားခင် ၃ လပိုင်းလောက် ကတည်းက ကျနော်တို့ စီစဉ်ထားတာပေါ့။ ပရိသတ်တွေကို အသိမပေးဖြစ်တာက အခက်အခဲတွေ ရှိတာရယ်၊ အလုပ်တွေ ရှိနေတာကြောင့် လောလော လောလော လုပ်ဖြစ်သွားတာကြောင့်ပါ။ အမျိုးသမီးက သူ့ဘာသာ သူနေတာ များတယ်။ တခါတလေ ခရီးတွေသွားရင်တောင် မနည်း ခေါ်ရတယ်”
“ကျနော် ရန်ကုန်မှာ ရောက်ဖြစ်နေချိန် လုပ်စရာရှိတဲ့ အလုပ် ၄၊ ၅ ခုလောက် စုပြီး လုပ်ဖြစ်တယ်။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ဆိုတော့ အချိန်တော့ခွဲပြီး လုပ်ရတာပေါ့”လို့ ဇွဲပြည့်က ပြောပါတယ်။
အနုပညာအလုပ်တွေကို ဇနီးဖြစ်သူက နားလည်မှုပေးထားပြီး လက်ရှိမှာတော့ စီးပွားရေးလည်း စလုပ်နေပြီလို့ ဇွဲပြည့်က ဆိုပါတယ်။
“အမျိုးသမီးနဲ့ ရည်းစားသက်တမ်း ၉ နှစ်ကျော်လောက် ရှိပြီ၊ သူ့ကို ရွေးချယ်ဖြစ်တာက ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင် တကယ် ချစ်မြတ်နိုးတဲ့သူ၊ အစအရာရာ တွေးတောပြီးတော့ လက်ထပ်လိုက်တာပေါ့။ တကယ်ချစ်နေဖို့က အဓိကပါ။ ကျနော်တို့တွေ အခုတော့ ဆိုင်ထိုင်လိုက်၊ ခရီးတွေ သွားလိုက်နဲ့ပဲ ဖြတ်သန်းနေတယ်။ အနုပညာအလုပ်တွေကိုလည်း သူကအကုန် နားလည်ပေးထားပါတယ်”
“အရင်ကတည်းက အနုပညာလုပ်တဲ့သူတယောက်ဆိုတာ သူသိတာမို့ အကုန် နားလည် ပေးထားတယ်။ အခုက စီးပွားရေးလည်း စလုပ်နေပြီဆိုတော့ စီးပွားရေးဘက်ကို လှည့်မယ်ပေါ့နော်။ ရင်သွေးတော့ နောက်နှစ်လောက် ယူမယ် မှန်းထားပါတယ်။ သူနဲ့ ပုံတွေ မတင်ဖြစ်တာကလည်း ဂီတနဲ့ အိမ်ထောင်ရေး Personal ဆိုပြီးတော့ ခွဲခြားထားတယ်။ ဇာနည်မောင်မောင်နဲ့ ဇွဲပြည့် ဘဝ ကွာသလိုပေါ့။ အိမ်ထောင်ရေးကိုတော့ ဘဝတခုလို ထားတာဆိုတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြတာမျိုး သိပ်မရှိဘူး”လို့ ဇွဲပြည့်က ပြောပါတယ်။
အဆိုတော် ဇွဲပြည့်ကတော့ ‘အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့’ ၊ ‘ခိုလှုံရာ’ နဲ့ ‘အားကိုးပါ’ ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပါတယ်။