အနုပညာလောကမှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ သရုပ်ဆောင် နေဆန်းက အနုပညာအလုပ်များကို လုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေးအဖြစ် ချစ်တီးထမင်းဆိုင် ဖွင့်လှစ်ထားတာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း ကုန်ဈေးနှုန်းတက်ပေမယ့်လည်း ဈေးနှုန်းအများကြီး မပြောင်းလဲဘူးလို့ နေဆန်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ နယူးချစ်တီးဆိုင်လေးက ၂ နှစ်ပြည့်တော့မယ်။ ဆိုင်ခွဲတွေဖွင့်ဖို့ လိုပါသေးတယ်။ ဒီဆိုင်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေတာပေါ့။ အခုဆို မနက်ခင်း ထမင်းကြော်လေးရယ်၊ မုန့်အချိုလေးရယ် တိုးချဲ့လုပ်ကိုင်နေတယ်။ ကျနော်တို့ ဈေးနှုန်းလည်း အများကြီး မပြောင်းလဲပါဘူး။ အသားနဲ့ စားရင်သာ ၅၀၀ လောက်ပဲ တက်တာပါ။ သက်သတ်လွတ် အဝစား ၁၀၀၀ ကျပ်ကတော့ အခုချိန်ထိ မတက်ပါဘူး။ ကုန်ဈေးနှုန်းတက်ချိန်မှာလည်း အရမ်းတော့ အခက်အခဲ မတွေ့ဘူး”
“ကျနော်တို့က အရေအတွက် များတာကြောင့် အရမ်း သိသိသာသာ အမြတ် မလျော့သွားဘူး။ နည်းနည်းတော့ လည်ပတ်လို့ ရတာပေါ့။ ကျနော်တို့က စဖွင့်ကတည်းက လင်မယားနှစ်ယောက်ပေါင်း ကြိုးစားကြတာပေါ့။ ကျနော့် မိန်းမဆိုလည်း ရောင်းဖို့စီစဉ်တဲ့ အပိုင်းကို လုပ်တယ်။ အစအဆုံး နှစ်ယောက်ပေါင်းပြီး ကြိုးစားလုပ်ကိုင်ကြတာပေါ့။ ကျနော်တို့ ဆိုင်ဖွင့်တာလည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ ကျနော်တို့ လည်လည်ပတ်ပတ်နဲ့ စားသောက်ရရင် တော်ပြီဆိုပြီး ဖွင့်တာပါ”လို့ နေဆန်းက ပြောပါတယ်။
ဆိုင်ဖွင့်ထားပေမယ့် အနုပညာကို လက်မလွှတ်ဘူးလို့ ဆိုတဲ့ သရုပ်ဆောင် နေဆန်းက အနုပညာသမားတွေလည်း အနုပညာအပြင် စီးပွားရေးတွေ လုပ်လာကြတာ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။
“ကျနော် အနုပညာ လုပ်ရှားမှု ပါးနေတယ်။ အိုက်တင်တွေတောင် မေ့နေမလားလို့ ပြန်တွေးနေရတယ်။ အခုတော့ ဆိုင်နဲ့ လည်ပတ်နေတာပေါ့။ ဇာတ်လမ်းတွဲလေး တခုရိုက်ဖို့တော့ ရှိတယ်။ အရင်ကတည်းက ကာရိုက်တာ မရွေးတော့ အခုဆို ပိုတောင် ကာရိုက်တာ ရွေးလို့ မရဘူးပေါ့။ ဘယ်လို ကာရိုက်တာ လာငှားငှား ရိုက်ပါသေးတယ်။ အနုပညာကိုလည်း လက်မလွှတ်ပါဘူး”
“အနုပညာသမားတွေလည်း အနုပညာအပြင် စီးပွားရေးတွေ လုပ်လာကြတာ အရမ်းကောင်းတယ်။ အဲ့လို တနိုင်တပိုင် စီးပွားရေးလေးတွေလည်း လုပ်ရမှာပဲ။ ကျနော်တို့က အနုပညာကို အရင်ကဆက်တိုက်လုပ်နေရတော့ စားဖို့က အိုကေတယ်။ အခုကျတော့ အနုပညာ ဆက်တိုက်လုပ်ဖို့ နည်းနည်း ခက်ခဲကြတယ်။ ကျနော်ကတော့ စီးပွားရေးတွေ လုပ်တာ သဘောကျတယ်”လို့ နေဆန်းက ပြောပါတယ်။
သရုပ်ဆောင် နေဆန်းကတော့ ၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်နေ့က “နယူးချစ်တီး” လို့ အမည်ပေးထားတဲ့ ထမင်းဆိုင်ကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“နယူးချစ်တီး” ထမင်းဆိုင် ဖွင့်ထားတဲ့ သရုပ်ဆောင် နေဆန်း
မုန့်ဟင်းခါးက ကျေးဇူးရှင်ဖြစ်လာတယ်လို့ ရဲလေးမ ပြော