လိင်တူချစ်သူ တဦးဖြစ်ကြောင်း Miss Universe ပြိုင်ပွဲရဲ့ လူမှုအခွင့်အရေး လှုပ်ရှားမှုထဲမှာ ဖွင့်ပြောခဲ့တဲ့ Miss Universe Myanmar အလှမယ် ဆွေဇင်ထက်ကတော့ ဒီလိုဖွင့်ပြောတာဟာ LGBT (Lesbian, Gay, Bisexual, Transgender) ကို ခုတုံးလုပ်တာ မဟုတ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။
“အဓိကက သူတို့ဘက်က မေးလာတယ်။ ရည်းစားရှိလားဆိုတော့ ဟုတ်တယ် ရှိတယ်။ ရှိတယ်ဆိုရင် ဘယ်သူလဲ ပြောပြဆိုတော့ ကျမ အနေနဲ့လည်း မပြောပြလို့ မရတော့ဘူးလေ။ တချို့တွေက ရှိတယ်။ LGBT ကို ခုတုံးလုပ်တယ်ပေါ့။ ကျမအနေနဲ့က LGBT တယောက်ဖြစ်တဲ့အတွက် ခုတုံးလုပ်ဖို့ဆိုတာ ခေါင်းထဲမှာ မရှိဘူးပေါ့”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကလည်း ဒီအတွက် Support လုပ်ပေးချင်တဲ့ လူတယောက်ဖြစ်တဲ့အတွက် အခုဆိုရင် Event တွေလည်း အများကြီးလုပ်ပေးလို့ရပြီ”လို့ အလှမယ် ဆွေဇင်ထက်က ပြောပါတယ်။
အလှမယ် ဆွေဇင်ထက်ကတော့ သူမဟာ လိင်တူချစ်သူ ဖြစ်တဲ့အကြောင်းကို ပြိုင်ပွဲမှာ ထုတ်ဖော်ပြောဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပါတယ်။
“အဓိကက လူမှုအခွင့်အရေးထဲမှာလည်း LGBT က ပါတယ်ဆိုတော့ စဉ်းစားတယ်။ ကိုယ့်အတွက် ဘာအဆင်ပြေမလဲဆိုပြီး ကိုယ်တိုင်ကလည်း LGBT ဖြစ်တယ်ဆိုတော့ ဒီအတွက် အခွင့်အရေးကလည်း အများကြီး မရရှိသေးဘူးဆိုတော့ ဒါကို လုပ်ချင်တယ်ဆိုပြီး အကုန်လုံးနဲ့ တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့မှ သေချာလေးလုပ်ဖြစ်ခဲ့တာပါ”လို့ ဆွေဇင်ထက်က ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Miss Universe စင်မြင့်ရဲ့ သက်တမ်းတလျှောက်မှာ ပထမဆုံး လိင်တူချစ်သူဆိုတာကို ဝန်ခံခဲ့တဲ့ အလှမယ်တယောက် ဖြစ်ပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းဌာနတခုမှာ ဆွေဇင်ထက်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ထူးထူးခြားခြား လူတယောက် ဖြစ်ခဲ့တယ်။ ဟိုမှာဆိုရင်လည်း မီဒီယာတွေ တော်တော်များများမှာ ဖြေရတယ်။ ဖုန်းနဲ့လည်း ဖြေရတယ်။ ကင်မရာနဲ့လည်း ဖြေရတယ်။ သူတို့တွေဆိုရင်လည်း တော်တော်စိတ်ဝင်စားကြတယ်။ အများကြီးလည်း Supporting ပေးကြတယ်။ အဲ့အတွက်လည်း အရမ်းလည်းဝမ်းသာပြီး ပီတိဖြစ်ပါတယ်” လို့ ဆွေဇင်ထက်က ပြောပါတယ်။
ဆွေဇင်ထက်ကတော့ ချစ်သူဖြစ်တဲ့ အဆိုတော် ဂေဂေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်ကျော် ကြာနေပြီဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့အချစ်ရေးကို နားလည်မှုများနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ပြိုင်ပွဲမှာတော့ ဒီဇိုင်နာ ပြည့်စုံ(ဘားအံ) ဖန်တီးချုပ်လုပ်ထားတဲ့ “လယ်သူမလေး ကောက်ရိတ်ချိန်” ဆိုတဲ့ National Costume နဲ့ယှဉ်ပြိုင်မှုကိုတော့ ဆုနဲ့ လွဲချော်ခဲ့ပေမယ့် လူအများရဲ့ စိတ်ဝင်စားမှုနဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။
“National Costume ကတော့ အဲ့လောက်ကြီး ထင်မထားဘူး။ ဒါက ဒီဇိုင်နာ အရမ်းတော်လို့လည်း ပြောရမယ်။ ဒီဝတ်စုံပြီးမှ သိရတာဆိုတော့ ဒီဝတ်စုံပြီးသွားမှ အချိန်က ၁ ရက်ပဲ ရလိုက်တယ်။ အဲ့ ၁ ရက်ကိုမှ အချိန်နည်းနည်းပဲ ရလိုက်တယ်။ ဒါပေမဲ့ အကောင်းဆုံး ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ထဲမှာ အမြဲတွေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ National Costume နေ့မှာ ပါဖောမန့် လုပ်ဖို့အတွက် ရီဟာဇယ် လုပ်လို့ မရဘူးဆိုတော့ ကျအနေနဲ့ အကောင်းဆုံး လုပ်ပြခဲ့တယ်။ အကုန်လုံးက ကြိုက်ကြတယ်ဆိုတော့ ဝမ်းသာပါတယ်” လို့ ဆွေဇင်ထက်က ပြောပါတယ်။
ဝတ်စုံဝတ်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။
“လုံးဝ မထင်ထားဘူး။ ပါဖောမန့်က အများကြီး လုပ်ရမယ်။ ကျွဲခွံထဲက ထွက်လာမယ်။ နောက်ပြီးတော့ ဦးထုပ်လည်း ဆောင်းရမယ်။ ပလိုင်းတွေနဲ့ ဘယ်လိုဖြစ်မလဲ ဆိုတာ မသိဘူးပေါ့။ ဒါကလည်း ကံပဲဆိုတော့။ အဆင့်တွေ အများကြီး လုပ်ရပေမယ့် အားလုံးအဆင်ပြေသွားတယ်။ အဲ့နေ့ကဆိုရင် ဖုန်းမသုံးရဘူး။ ပွဲပြီးမှ သုံးရတာဆိုတော့ Feedback တွေ ပြန်ကြားတော့ အရမ်းဝမ်းသာတယ်” လို့ ဆွေဇင်ထက်က ပြောပါတယ်။
အလှမယ် ဆွေဇင်ထက်ကတော့ ဘားအံ ကိုယ်စားပြုအနေနဲ့ Miss Universe Myanmar 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံရတဲ့အတွက် အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ ၆၉ ကြိမ်မြောက် Miss Universe 2019 ကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တဦး ဖြစ်ပါတယ်။
You may also like these stories:
လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကို ချီးကျူးလိုက်တဲ့ ဂျက်ဆီကာဒါဒါ
လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်
“LGBT ဆိုတာ လူသားချင်းချင်း ချစ်ကြတာ ဖြစ်တဲ့အတွက် လက်ခံပါတယ်”လို့ ဂေဂေး ပြော